
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့ရှိ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၅ ရက် ကတည်းက စစ်တွေမြို့နယ် မင်းလှကျေးရွာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှာ AA က ဒကစ-စစ်တွေ ဌာနချုပ်အပါဝင် စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲတာလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
"စစ်တွေမှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေကြတာ။ စစ်ကောင်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှု ရှိသလို အာရက္ခတပ်တော်ကလည်း ဒကစ-စစ်တွေ ဌာနချုပ်အပါဝင် စစ်ကောင်စီရဲ့ ရွှေမင်းဂံရေတပ်၊ ခမရ ၃၄၄ တပ်ရင်းနဲ့ အမှတ် (၃၂) ရဲတပ်းရင်း တွေကို လက်နက်ကြီးတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်နေတာရှိတယ်။ စစ်တွေမြို့မှာတော့ နေ့တိုင်းလိုလို ပစ်ခတ်မှုရှိ ကြတယ်။”
စစ်ကောင်စီရဲ့ ဒကစ-စစ်တွေ ဌာနချုပ်ကို AA ကလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်တွေမြို့အနီးကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။
"ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှာ ပြန်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်သံတွေကြားရတယ်။ စစ်ကောင်စီက ည ၈ နာရီခွဲ ဝန်ကျင်းနဲ့ ၉ နာရီဝန်းကျင်တွေ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်။ ဘယ်နေရာဆိုတာတော့မသိရသေးဘူး။ ပေါက်ကွဲသံအရမ်းကျယ်သလို ဂျက်ဖိုက်တာအသံတွေလည်း ကြားရတယ်။”
စစ်တွေမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေကြတာဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းမှာ တိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီက စစ်တွေမြို့နယ် အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ၃ ကြိမ်ထက်မနည်း ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက စစ်တွေမြို့နယ် ဇော်မတက်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် မင်းလှကျေးရွာက နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် ၃ ခုလုံးကို AA က သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တွေမြို့ကို စစ်ရေးအရ ဝိုင်းရံပိတ်ဆို့ ထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး AA က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထားသလို လက်ရှိမှာ ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းတို့မှာပါ မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။