Home
မြန်မာသတင်း
ငါးသိုင်းချောင်းမြို့နယ်၌ တိုက်ပွဲပြင်းထန်နေ
DVB
·
February 14, 2025

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ဧရာဝတီအစပ်မှာ အာရက္ခတပ်တော် (AA)၊ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်က ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကျုံပျော်မြို့ခံတွေဆီက သိရပါတယ်။

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ မှာ စုဆောင်းထားတဲ့ တပ်သားသစ်သင်တန်းဆင်းတွေနဲ့ စက်တပ်လေထီးတွေကို စစ်ကူလွှတ်ပေးနေတယ်လို့ ဆိုပါတယ်။

ကျုံပျော်မြို့ခံတယောက်က “အမှတ် ၃၆ ခြေလျင်တပ်ရင်းကနေ စုဆောင်းထားတဲ့ တပ်သားသစ်တွေကို ဧရာဝတီနဲ့ ရခိုင်နယ်စပ်မြို့တွေကို ပို့ဆောင်ပေးနေတယ်။ စက်တပ်လေထီးတွေပါ ၃၆ တပ်ထဲကနေ ပျံသန်းနေတယ်” လို့ DVB ကို ပြောပါတယ်။

ငါးသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ဧရာဝတီတိုင်းအစပ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ငါးသိုင်းချောင်းမှာရှိတဲ့ ၃၄၄ အမြောက်တပ်ကနေ အမြောက်တွေနဲ့ ပစ်ခတ်နေကြောင်း၊ ဒီနေ့ တမနက်လုံး ဗေဒါဂိတ်နားနဲ့ ကျောက်တိုင်ရွာဘက်ကိုပါ အမြောက်တွေနဲ့ထုနေတာ မြို့အစပ်ကနေ အတိုင်းသား ကြားနေရတယ်လို့ ငါးသိုင်းချောင်းမှာနေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်းအစပ်က တိုက်ပွဲတွေကို စစ်ကူပို့ဖို့ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်းထဲမှာ ဧရာဝတီတိုင်းအတွင်းက စစ်မှုထမ်း စစ်သင်တန်းဆင်းတွေကို အသင့်စုဆောင်းထားတဲ့အပြင် စက်တပ်လေထီးတွေကိုပါ အဆင်သင့် သိမ်းဆည်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ငါးသိုင်းချောင်းမြို့နယ်ထဲက စာဥစမ်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ အမတ ၃၄၄ အမြောက်တပ်နဲ့ ၅ မိုင်လောက်ဝေးကွာတဲ့ စာဥစမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ကျုံပျော်မြို့မှာရှိတဲ့ ခလရ ၃၆ တပ်ရင်းထဲ စုဆောင်းထားတဲ့ တပ်သားသစ်တွေ အပြင် စက်တပ်လေထီးတွေကိုပါ လွှတ်ပေးနေရတယ်လို့ ဆိုပါတယ်။

ငါးသိုင်းချောင်းဒေသခံတယောက်က “တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ ကျနော်တို့မြို့နဲ့က သိပ်မဝေးဘူး။ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်။ ဒီဘက်ကနေ စစ်ယာဉ်တန်းတွေ သွားနေတာလည်း တွေ့တယ်။ စက်တပ်လေထီးတွေ ပျံသန်း သွားလာနေတာလည်း တွေ့တယ်။ ခုတောင် အတော်လေး နီးလာနေပြီ၊ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်” လို့ DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း အားလုံးကြိုတင်ပြင်ဆင်ဖို့လိုပြီး ဧရာဝတီတိုင်းထဲမှာရှိတဲ့ စစ်တပ်တွေက ကရင်၊ ကချင်၊ ရှမ်းနဲ့ ရခိုင်ဒေသတွေမှာ အပို့ခံထားရတာကြောင့် အလွယ်တကူတိုက်လို့ ရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းတွင်းက နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေပေမဲ့ စစ်ကောင်စီက ပုသိမ်၊ ဟင်္သတ၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာကြောင့် ဖေဖော်ဝါရီ ၁၃ ရက် တညတည်း အမျိုးသမီး အမျိုးသား ၃၅ ယောက်အထိ ပေါ်တာအဆွဲခံလိုက်ရတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013