
ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေချိန် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာရှိတဲ့ မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၃ ရက်အထိ အကျဉ်းချုံး ကျင်းပသွားဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငပုတောမြို့နယ်က မော်တော်စွန်းဘုရားပွဲကို လုံခြုံရေးအပြည့်နဲ့ ကျင်းပဖို့ ပြင်ဆင်နေပြီး ဖေဖော်ဝါရီ ၁၃ ရက်အထိ အရင်နှစ်တွေကလို တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်ခန်းတွေ မဆောက်နိုင်သေးဘူးလို့ ဆိုပါတယ်။
နှစ်စဉ် ဈေးရောင်းနေသူ ဒေသခံတယောက်က “စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့က ဘုရားပွဲလုပ်ဖို့ရှိတာ ဟုတ်တယ်။ တိုက်ပွဲကြောင့် အကျဉ်းချုံးပဲ လုပ်မှာပါ။ ဒီနေ့အထိတော့ ဈေးဆိုင်ခန်းတွေ၊ တည်းခိုဆောင်တွေ တခုတောင် မလုပ်ရသေးဘူး။ တိုက်ပွဲတွေရှိတော့ စည်မယ်လို့မထင်ဘူး။ အကျဉ်းချုံးလောက်ပဲ လုပ်မှာပါ” လို့ ပြောပါတယ်။
ဘုရားပွဲတော်ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ကြေညာထားပေမဲ့ မော်တင်စွန်းတောင်ခြေအနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းကာ ဖမ်းဆီးစစ်ဆေးနေလို့ အရပ်သားတွေ ဘုရားဖူးတောင် မလာရဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတပ်က မော်တင်စွန်းဘုရားပွဲလာတဲ့ ပုံမှန်ဘုရားဖူးတွေကိုပါ တင်းတင်းကျပ်ကျပ် စစ်နေတာ။ ဘုရားပွဲကို ဘယ်သူက လာရဲမှာလဲ။ မော်တင်စွန်းစေတီအနီးက ဇီးချိုင့်၊ ကံချိုင့်ဘက်မှာလည်း စစ်ကြောင်းထိုး လူဖမ်းတာတွေပါ လုပ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မော်တင်စွန်းစေတီသွားတဲ့ ကုန်းလမ်းတလျှောက်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်က စတင်ပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်စစ်ဆေးနေပြီး ရေလမ်းနဲ့ စေတီပတ်ဝန်းကျင်မှာပါ စစ်ဆေးရေးဂိတ်တွေ ထပ်မံတိုးချဲ့ဖွင့်လှစ် စစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
မော်တင်စွန်းဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ ကျင်းပခဲ့ပြီး ဦးသိန်းစိန် သမ္မတတာဝန်ယူတဲ့ အစိုးရလက်ထက်မှာတော့ တလတိတိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။