
ဒေါ်လာဈေး ဆက်တိုက်ပြန်ကျပေမဲ့ ရွှေအသင်းရဲ့ ရွှေရည်ညွှန်းဈေးက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၅ သိန်းအထိ မြင့်တက်လာပါတယ်။
အခေါက်ရွှေ ရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်က တစ်ကျပ်သားကို ကျပ် ၅၄ သိန်း ဝန်းကျင်သာရှိခဲ့ပြီး တလအတွင်း တကျပ်သားကို ကျပ် တစ်သိန်း ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ဆက်တိုက်ကျဆင်းနေပေမဲ့ ကမ္ဘာ့ရွှေဈေးနှုန်း တက်နေတာကြောင့်ဖြစ်တယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ပြင်ပရွှေဈေးကလည်း လက်ရှိမှာ တစ်ကျပ်သားကို ကျပ် ၆၆ သိန်းကျော် ဈေးဖြစ်နေပြီး တလအတွင်း ကျပ်တစ်သိန်း ကျော် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ လက်ရှိမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၉၀၀ ဝန်းကျင် ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်က အမေရိကန်ဒေါ်လာ ၂၇၀၀ ဝန်းကျင်သာ ရှိခဲ့တာပါ။
မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းကလည်းဆက်တိုက် ပြန်ကျနေပါတယ်။ ဇန်နဝါရီ ဒုတိယပတ်က တစ်ဒေါ်လာကို ၄,၇၀၀-၄,၈၀၀ ကျပ်အထိ ရောက်ခဲ့ပြီး ဒီနေ့မှာ ၄,၄၀၀-၄,၅၀၀ ကျပ်ကို ပြန်ကျဆင်း နေပါတယ်။