Home
မြန်မာသတင်း
စက်သုံးဆီတင်သွင်းရန် ဒေါ်လာ သန်း ၂၀ ရောင်းမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
DVB
·
January 30, 2025
Dollar-3

စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ဟာ စက်သုံးဆီ၊ စားသုံးဆီတင်သွင်းဖို့ ဒေါ်လာသန်းပေါင်းများစွာမကြာခဏထုတ်ရောင်း‌နေပြီး စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ရောင်း‌ပေးမယ်လို့ ဇန်နဝါရီ ၃၀ ရက် ဒီနေ့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၂၅ သန်း ထုတ်ရောင်းခဲ့‌သေးတာကြောင့် ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာစုစုပေါင်း ၄၅ သန်း ထုတ်ရောင်းမယ့်သဘောရှိပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဘယ်နေ့ဘယ်ရက်မှာ ဘယ်နှုန်းထားနဲ့ ရောင်းမယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိပေမဲ့ အဲဒီလိုထုတ်ပြန်ပြီး သီတင်းပတ်အတွင်းမှာပဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းနှုန်းထားဖြစ်တဲ့ တဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်နဲ့ ထုတ်ရောင်းလ့ ရှိပါတယ်။

ဗဟိုဘဏ်ဟာ ဇန်နဝါရီတလတည်းမှာပဲ အမေရိကန်ဒေါ်လာ သန်း ၁‌၀၀ နဲ့ အထက် ထုတ်ရောင်းထားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ဒေါ်လာ သန်း ၁၀၀၀ ကျော် ထုတ်ရောင်းခဲ့တာပါ။

လက်ရှိမှာ ဒေါ်လာဈေးက အကျဘက်မှာငြိမ်‌နေပေမဲ့ စက်သုံးဆီဈေးကတော့ အနည်းငယ် တက်ရိပ်ပြနေပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စက်သုံးဆီဈေးနှုန်းတွေအရ  ၉၂ တလီတာကို ၃,၁၃၀ ကျပ်၊ ၉၅ တလီတာ ၃,၂၀၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၈၆၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၅၂၅ကျပ် ရှိတာကြောင့် ပြီးခဲ့တဲ့ အပတ်ကထက် တလီတာကို ၅၅ ကျပ်ကနေ ၁၆၀ကျပ် ဝန်းကျင်တက်လာတာပါ။

လက်ရှိမှာတော့ ဒေါ်လာဈေးဟာ ပြင်ပဈေးကွက်မှာ တဒေါ်လာ ၄၅၀၀ ကျပ်ကနေ ၄၆၀၀ ဝန်းကျင်မှာငြိမ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013