Home
မြန်မာသတင်း
ဒေါ်လာဈေး တက်ရိပ်ပြပြီး စက်သုံးဆီဈေး အနည်းငယ်မြင့်တက်
DVB
·
January 31, 2025

ဒေါ်လာပေါက်ဈေး အနည်းငယ်တက်လာမှုနဲ့ စင်ကာပူ MOPS ဈေးမြင့်တက်မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေး‌တွေလည်း အနည်းငယ် ထပ်မံမြင့်တက်လာပါတယ်။

ရန်ကုန်မြို့က ဓာတ်ဆီတလီတာဈေး ၅၀ ကျပ်ကနေ ၆၀ ကျပ်အကြား ဈေးထပ်မံ မြင့်တက်လာပြီး ဒီဇယ်ဈေးကတော့ တလီတာကို ၃၅ ကျပ်ကနေ ၅၀ ကျပ်အကြား ဈေးပြန်ကျလာပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးတွေက စင်ကာပူ MOPS‌ ဈေးနဲ့ ပြင်ပ‌ဒေါ်လာပေါက်ဈေးအပေါ် မူတည်ပြီး အပြောင်းအလဲ ဖြစ်ပေါ်လေ့ရှိပါတယ်။

လက်ရှိမှာ ပြင်ပဒေါ်လာဈေး အနည်းငယ် ပြန်တက်ရိပ်ပြလာသလို စင်ကာပူ MOPS‌ ဈေးကလည်း အနည်းငယ်မြင့်လာတာကြာင့် ပြည်တွင်း ဓာတ်ဆီဈေးတွေလည်း လိုက်ပါမြင့်တက်လာတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းက ဇန်နဝါရီ ၂၃ ရက်မှာ 92 Ron တစည် ၈၃ ဒသမ ၉၀ ဒေါ်လာ၊ 95 Ron ၈၆ ဒသမ ၃၁ ဒေါ်လာ၊ 10 PPM က ၉၅ ဒသမ ၆၁ ဒေါ်လာ အသီးသီးရှိခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှာတော့ 92 Ron တစည် ၈၄ ဒသမ ၉၁ ဒေါ်လာ၊ 95 Ron က ၈၇ ဒသမ ၀၂ ဒေါ်လာကို မြင့်တက်လာပြီး 10 PPM က ၉၃ ဒေါ်လာကို ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း ပြင်ပဒေါ်လာပေါက်ဈေးက ၄,၅၆၀ ကျပ်ဝန်းကျင် ရှိနေချိန်မှာ ရန်ကုန်မြို့ရဲ့ စက်သုံးဆီပေါက်ဈေးတွေက 92 Ron တလီတာကို ၃,၁၈၀ ကျပ်၊ 95 Ron တလီတာကို ၃,၂၆၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၈၂၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၃,၄၈၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

စက်သုံးဆီတလီတာဈေး အခုလို ဈေးတက်နေချိန်မှာပဲ လျှပ်စစ်မီး အချိန်ကြာကြာ ပြတ်တောက်မှုတွေလည်း နေ့စဉ်ဖြစ်နေတာကြောင့် လောင်စာဆီအသုံးပြုရတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အခက်အခဲတွေ ကြုံနေရပါတယ်။

အသေးစားလုပ်ငန်းရှင်တယောက်က “မီးကမလာ ဆီကဈေးတက် ဆိုတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့၊ အကုန်လုံး အဆင်မပြေဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ မီးပျက်တဲ့ဒုက္ခက တရက်ထက်တရက် ပိုမိုဆိုးရွားလာပြီး လျှပ်စစ်မီး အသုံးပြုပြီး အသက်မွေး၀မ်းကျောင်းနေတဲ့ ပြည်သူတွေဟာ‌ နေ့စဉ်နဲ့အမျှ ‌‌‌‌‌‌‌‌‌‌အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ စက်သုံးဆီ အပါအဝင် အရေးကြီးသွင်းကုန်တွေ တင်သွင်းဖို့ ဒေါ်လာ သန်းပေါင်းများစွာ မကြာခဏ ထုတ်ရောင်း‌နေပြီး ဇန်နဝါရီ ၃၀ ရက်ကလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ရောင်း‌ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

အနှစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013