
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၃၄၄) အမြောက်တပ်ရင်းနဲ့ ၅ မိုင်ဝန်းကျင်အကွာက ရိုးလမ်းပေါ်မှာ အာရက္ခတပ်တော် (AA) ပါဝင်တဲ့ဒေသခံပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ရှိနေပါတယ်။
ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက် နေ့ခင်းပိုင်းမှာတော့ နည်းနည်းငြိမ်လာတဲ့အနေအထားရှိတယ်လို့ မြေပြင်အခြေအနေကို သိတဲ့ ဒေသခံက DVB ကို ပြောပြပါတယ်။
ငါးသိုင်းချောင်းဒေသခံအမျိုးသားတယောက်က “လောလောဆယ်အဲမှာပဲ ဖြစ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘာသူတို့ ဘယ်လိုပြောရမလဲ ဒီမှာကတပ်အင်အားက ပိုပိုပြီးတော့ နေ့တိုင်းလိုလို တရက်နဲ့တရက်ပိုပိုချချပေးနေတော့ ဒဏ်ရာရတဲ့သူနဲ့ ပြန်တက်တဲ့လူနဲ့ ဆိုတော့ ၃၄၄ ကို မကျရေးအတွက် သူတို့ခံစစ်ကတော့ ပြင်းပြင်းထန်ထန်ဆင်နေတဲ့အနေအထားမှာ ရှိတယ်”လို့ ပြောပါတယ်။
တရက်ကို လက်နက်ရိက္ခာအပြည့်အစုံပါတဲ့ စစ်ကား ၄ စီးကနေ ၆ စီးထက်မနည်း ဖြတ်သန်းနေတာတွေ့ရတဲ့အပြင် အမြောက်တပ် ၃၄၄ ထဲမှာ ဆောက်လုပ်ရေးတချို့ ရှိနေကြောင်း သူကဆိုပါတယ်။
ဒါအပြင် တိုက်ပွဲဧရိယာနဲ့နီးပြီး တောစပ်တွေမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က ပိုက်စိတိုက်ရှာဖွေ စစ်ဆေးနေသလို ထွက်ပြေးလာတဲ့တပ်သားတချို့လည်း ဒေသခံတွေပိုင်တဲ့ လယ်ကွင်းတွေထဲမှာ ဝင်ရောက်နေထိုင်တာရှိတယ်လို့ ဒေသခံက ပြောပါတယ်။
ပူးပေါင်းတပ်တွေဦးတည်လာတဲ့ အမတ (၃၄၄) ဟာ ပုသိမ်- မုံရွာလမ်းဘေးမှာရှိတဲ့တပ်ရင်းဖြစ်တာကြောင့် တော်လှန်ရေးတပ်တွေသာသိမ်းပိုက်နိုင်ပြီး မြောက်ဘက်ကို ဆက်တက်သွားမယ်ဆိုရင် စစ်လေ့ကျင့်ရေးကျောင်း အမှတ် (၅) တခုပဲရှိလို့ ပန်းတောင်းတပ်နယ်နဲ့ ကပစ ဇုန်တွေအထိကို ခြိမ်းခြောက်နိုင်သွားနိုင်မယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က “ညောင်ခြေထောက်ဘက်ကလည်း ပေါက်မယ်။ ကျနော်တို့ မြောက်စမ်းဘက်ကလည်း တတက (၅) ကိုကျော်ပြီးလာနိုင်ပြီဆိုရင် ကျနော်တို့ ပန်းတောင်းတပ်နယ်ကိုလည်း ချုပ်လိုက်ပြီးသားဖြစ်သလို ပုသိမ်တပ်နယ်ကိုပါ ခြိမ်းခြောက်ထားနိုင်တဲ့ အနေအထားလို့ပြောလို့ရမယ်။ အဲတော့ မြောက်စမ်းကိုရပြီဆိုရင် ပန်းတောင်း တပ်နယ်ရော ပုသိမ်တပ်နယ်ရော နှစ်ဖက်ကို ကျနော်တို့ ခွချက်၊ ချက်လို့ရနိုင်တဲ့ အနေအထားမျိုးထိ ဒါကအရေးပါတယ်ပေါ့”လို့ ပြောပါတယ်။
အမြောက်တပ် ၃၄၄ ဟာ ပုသိမ်မြို့ကိုဆိုရင် မိုင် ၆၀ ကျော်၊ ကားလမ်းအတိုင်းသွားရင် ၂ နာရီသာသာဝေးတဲ့နေရာမှာရှိပေမဲ့ ပန်းတောင်းအထိဆိုရင်တော့ မိုင် ၁၁၀ ဝန်းကျင် ကွာဝေးတာဖြစ်ပါတယ်။
ပန်းတောင်တပ်နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်ရုံတွေဖြစ်ကြတဲ့ အမှတ် (၅)၊ (၆)၊ (၉) နဲ့ (၁၆) တို့ တည်ရှိတာဖြစ်ပြီး AA က တောင်ကုတ်-ပန်းတောင်းကို ဆက်သွယ်ထားတဲ့ ရိုးလမ်းပေါ်မှာလည်း ပုဂံကွဲစခန်းကို သိမ်းပိုက်ထားကြောင်း သတင်းတွေထွက်နေပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ AA နဲ့ တော်လှန်ရေးတပ်တွေဘက်က အခုချိန်ထိ ထုတ်ပြန်တာ မရှိသေးပါဘူး။
စိုးသူအောင်