Home
မြန်မာသတင်း
ပဲခူးနှင့် မကွေးက စစ်ကောင်စီတပ်စခန်း ၂ ခုကို AA သိမ်းပိုက်
DVB
·
February 18, 2025

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က ပန်းတောင်း-တောင်ကုတ်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပန်းကန်ကွဲတပ်စခန်း အပါအဝင် မကွေးနယ်စပ်က စစ်ကောင်စီတပ်စခန်း တခုကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို AAနဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၅ ရက်မှာ သိမ်းပိုက်လိုက်ပြီးနောက် ညောင်းကျိုးကျေးရွာမှာ ခံစစ်ပြင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ပန်းကန်ကွဲကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခံတပ်စခန်းကို သိမ်းပိုက်ရရှိထားတာ။ အဲဒီစခန်းက အင်အား ၂၀၀ လောက်နဲ့ ခုခံနေတာဖြစ်ပြီး မိုးထိတောင်ဗျူဟာစခန်းက ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေပါ အဲဒီစခန်းမှာ စုပေါင်းထားတာဖြစ်တယ်။ လက်ရှိမှာ ပုဂံကွဲစခန်းကနေ ဖရိုဖရဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ ညောင်ကျိုးရွာမှာ ခံစစ်ပြင်နေကြတာ ရှိတယ်။”

AAနဲ့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလကုန်ပိုင်းကတည်းက ပဲခူးတိုင်းနယ်စပ်ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာကြတာဖြစ်ပြီး လက်ရှိမှာ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်း ဥသျှစ်ပင်မြို့အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီဟာ ပဲခူးနဲ့ ရခိုင်နယ်စပ်က လက်လွှတ်လိုက်ရတဲ့ မိုးထိတောင်ဗျူဟာကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေချိန်မှာ ပန်းကန်ကွဲစခန်းကို ထပ်မံလက်လွှတ်လိုက်ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) က စစ်ကောင်စီတပ်သားတွေနဲ့ ညောင်ကျိုးမှာ ခံစစ်ပြင်ဆင်နေရတယ်လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်ကောင်စီက မိုးထိတောင်ဗျူဟာကို ပြန်တိုက်ယူဖို့ ကြိုးပမ်းနေချိန်မှာ ပန်းကန်ကွဲစခန်းပါ သိမ်းပိုက်ခံလိုက်ရတာ ဖြစ်တယ်။ လက်ရှိမှာတော့ ဥသျှစ်ပင်မြို့အနီးက ကပစ-၆ က စစ်ကောင်စီ တပ်သားတွေကို စစ်ကူပို့ပြီး ခံစစ်ပြင်နေတယ်။ အခုသိမ်းပိုက်ခံရတဲ့ ပန်းကန်ကွဲရွာဆိုတာက ကပစ-၆ နဲ့ ၁၆ မိုင်ပဲ ဝေးတော့တယ်ဆိုတော့ ကပစ စက်ရုံတွေအတွက် တော်တော်‌လေးကို အန္တရာယ်များလာပြီ။”

ရခိုင်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ မိုးထိတောင်ဗျူဟာစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာရှိတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာစခန်းရဲ့ ကာကင်းစခန်းတခုကိုလည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ သိမ်းပိုက်လိုက်တာရှိတယ်လို့ မကွေးဘက်က စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“နတ်ရေကန်ရဲ့ အဓိက ကာကင်းဖြစ်တဲ့ မထုံးကာကင်းစခန်းကို သိမ်းပိုက်လိုက်တာရှိတယ်။ ဒီစခန်းက နတ်ရေကန်ဗျူဟာရဲ့ အဓိက ကာကင်းစခန်းဖြစ်တယ်။ နတ်ရေကန်စခန်းကိုလည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြတာရှိတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေ ပေးနေတယ်။”

အခုသိမ်းပိုက်ရရှိတဲ့ မထုံးကာကင်းစခန်းကြီးဟာ အမ်း-ပဒါန်းကားလမ်းရှိ အထက်တုံးကြီး၊ အောက်တုံးကြီး၊ မထုံး ကျေးရွာ ၃ ခုကို အခြေပြုပြီးတော့ စစ်ကောင်စီက ခံစစ်ကာကင်းစခန်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီလ အစောပိုင်းကတည်းက အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေကြတာဖြစ်ပြီး နတ်ရေကန် ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိပြီးနောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက စစ်ကောင်စီတပ်စခန်းတွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013