Home
မြန်မာသတင်း
မြိုလူမျိုး ၁၇ ဦးကို AA က စစ်သင်တန်းတက်ရန် ခေါ်ဆောင်
DVB
·
February 13, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက် ညက အသက်မပြည့်သေးသူ  ၂ ယောက် အပါအဝင် မြိုလူမျိုး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁၅ ယောက်ကို AA က စစ်သင်တန်းတက်ရောက်ဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကလည်း AA ရဲ့ ပြည်သူ့စစ်မှုထမ်း ခေါ်ယူမှုတွေကြောင့် ကျေးရွာဘက်က ခုံတိုင်ကျေးရွာသား ၁၁ ယောက်ကို ပို့ဆောင်ပေးပြီးပြီလို့ ဆိုပါတယ်။

ဒေသခံတယောက်က “သောကြာနေ့ ည ၈ နာရီခွဲအချိန်မှာ အင်အား ၁၀၀ ကျော်နဲ့ ရွာကို အရင်ဆုံး ဝိုင်းထားတယ်။ ပြီးရင် တအိမ်ဆင်း တအိမ်တက် အဲလိုအနေအထားနဲ့ ဖမ်းတာပါ။ ဖမ်းတဲ့အခါမှာ ရွာမှာရှိတဲ့ အမျိုးသားတွေက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးကြတယ်။ အဲဒီထဲမှာ ၁၇ ယောက်တော့ ပါသွားတယ်။ ၁၄ နှစ်အရွယ် မိန်းကလေးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်လည်း ပါပါတယ်။ ခုလောလောဆယ်တော့‌ မောင်တောမြောက်ပိုင်းမှာရှိတဲ့ ဌာနချုပ်ဆီ ခေါ်သွားပါပြီ။ အဲဒီမှာပဲ စစ်သင်တန်းပေးမယ်လို့ ကြားပါတယ်။ တချို့တွေဆို အိမ်ထဲမှာ မနေရဲတော့ဘူး၊ ညဘက်တွေဆို တောတောင်ထဲမှာ ရှောင်တိမ်းနေရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ခုံတိုင်ကျေးရွာက အမျိုးသမီးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၁၀ နာရီလောက်မှာ ရွာအနီးရှိ နယ်မြေမှူးရုံးရှေ့မှာ AA က ခေါ်ဆောင်သွားတဲ့ မြိုလူမျိုး ၁၇ ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၉ ရက်မှာလည်း ကြိမ်ချောင်းဌာနချုပ်ထိ သွားရောက်ပြီးတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ ခုံတိုင်ကျေးရွာက မြိုအမျိုးသားတွေဟာ စစ်မှုထမ်းခေါ်ခံရမှာကို စိုးရိမ်ပြီး ဘေးလွှတ်ရာ တောတောင်တွေမှာ ရှောင်တိမ်းနေထိုင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

တက်ကြွလှုပ်ရှားသူ ဒေသခံတယောက်က “ရခိုင်ပြည်မှာ မြိုလူမျိုးဆိုတာက အင်မတန် အင်အားနည်းတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ မျိုးနွယ်စုတွေက ကျနော်တို့ ရခိုင်တွေအပေါ်မှာ ယုံကြည်မှု အားနည်းတာ ရှိပါတယ်။ ခုလိုမျိုး အတင်းအဓမ္မ ဆက်လုပ်နေမယ်ဆိုရင် နဂိုပျက်စီးနေတဲ့ ယုံကြည်မှုက လုံးဝပြိုကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှု အရင်တည်ဆောက်ဖို့ လိုပါတယ်၊ ယုံကြည်မှု တည်ဆောက်ဖို့အတွက် မျိုးနွယ်စုတွေအပေါ်ကို လေးလေးစားစား ဆက်ဆံဖို့လိုပါတယ်။ အဲဒါတွေကို AA မှာ တာဝန်ထမ်းဆောင်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက သိဖို့လိုတယ်” လို့ ပြောပါတယ်။

AA ဘက်ကတော့ ဘူးသီးတောင်၊ မောင်တောဒေသက အရပ်သားပြည်သူတွေကို မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေက အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် သူတို့ရဲ့ ကျေးရွာတွေကို ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အခြေခံလုံခြုံရေးအသိပညာပေး သင်တန်းတွေ ပေးနေတာပါလို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တရားဝင် ထုတ်ဖော်ပြောဆိုဖူးပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံးနား ခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင် စတဲ့ ကျေးရွာ ၁၀ ရွာလောက်က မြိုလူမျိုး ၉၁ ယောက်ကို AA က ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

ခုံတိုင်ကျေးရွာဟာ မောင်တောမြို့နဲ့ မိုင် ၃၀ လောက် ကွာဝေးကာ အိမ်ခြေ ၁၈၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်နဲ့ မြိုလူမျိုးတွေ နေထိုင်ပြီးတော့ တောင်ယာလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013