Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး
DVB
·
February 12, 2025
Photo: ၂၀၂၄ ခုနှစ် အောက်တိုဘာက ရခိုင်ရေပိုင်နက်တွင် ဖမ်းဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကို AA က ပြန်လွှတ်ပေးစဉ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမား ၄ ယောက်ကို နတ်မြစ်ဝမှာ အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ရေးသားပါတယ်။

နတ်မြစ်အတွင်း ငါးဖမ်းနေကြတဲ့ တက္ကနက်ဖ်ဒေသခံ ၅ ယောက်ကို အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အသိပေး တိုင်ကြားထားတယ်လို့ တက္ကနဖ်မြို့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဘာရှာအာမက်က ပြောပါတယ်။

“နတ်မြစ်အတွင်း ငါးဖမ်းနေကြတဲ့ ငါးဖမ်းသမား ၄ ဦးကို အာရက္ခတပ်တော်က သူတို့ရဲ့ စက်လှေနဲ့အတူ ဖမ်းဆီးသွားတာ ဟုတ်ပါတယ်။ အခုလို ဖမ်းဆီးမှုတွေကြောင့် ကျေးရွာတွင်း စိုးရိမ်မှုတွေတော့ ရှိနေကြတယ်။ ဒီဖြစ်စဥ်ကိုလည်း နယ်ခြားစပ်တပ် BGB နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေဆီ တိုင်ကြားထားတယ်။”

အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားခဲ့တဲ့သူတွေဟာ အသက် ၁၆ ကနေ ၃၀ ကြား တက္ကနဖ်ဒေသခံ ငါးဖမ်းသမား ၄ ယောက် ဖြစ်ကြတယ်လို့ သိရပါတယ်။   

အခု ငါးဖမ်းသမား ၅ ယောက် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ တက္ကနဖ်အခြေစိုက် နယ်ခြားစောင့်တပ် (BGB) အရာရှိတယောက်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ပြီး ငါးဖမ်းသမား ၄ ဦးကို သူတို့ရဲ့လှေတွေနဲ့အတူ နတ်မြစ်ထဲကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။ သူတို့ လွတ်မြောက်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။”

ငါးဖမ်းသမား ၄ ယောက် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး တက္ကနဖ်ဒေသ အုပ်ချုပ်ရေးမှူးကလည်း အတည်ပြုထားပြီး သူတို့ကို ပြန်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ရှိတ်ခ်အာဆန်အူဒင်က ပြောပါတယ်။

“ငါးဖမ်းသမားတွေ ဖမ်းဆီးခံရမှု ကျနော်တို့ သိထားပြီးပါပြီ။ သူတို့ပြန်လွတ်လာစေဖို့ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေက ကြိုးပမ်းနေတာတွေ ရှိပါတယ်။”

၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်ကလည်း တက္ကနက်ဖ်မြို့နယ်က ငါးဖမ်းသမား ၅၈ ယောက်ကို စစ်ကောင်စီရေတပ်က မြန်မာရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းမှုနဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၉ ရက်ကလည်း မြန်မာရေတပ်ရဲ့ ကင်းလှည့်သင်္ဘောတစင်းက ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို ပစ်ခတ်ခဲ့တာကြောင့် ငါးဖမ်းသမားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၁၅ ရက်ကလည်း အာရက္ခတပ်တော်က ဖမ်းဆီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၆ ယောက်ကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြန်ခေါ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အတွင်း နေ့တိုင်း ဝင်ရောက်ပြီး ငါးခိုးဖမ်းတာတွေ ရှိတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်မှာ ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ ဖမ်းဆီးအရေးယူသွားမယ်လို့ ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013