Home
မြန်မာသတင်း
စစ်သုံ့ပန်းမိသားစုဝင်များနှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး
DVB
·
February 10, 2025
Photo: APM

ရခိုင်တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ အရပ်သား အကျဉ်းသားတွေ စုစုပေါင်း ၁၄၂  ယောက်ကို  အာရက္ခတပ်တော် (AA)က   ဖေဖော်ဝါရီလမှာ အခမ်းအနားနဲ့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ရခိုင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၀၀ ကျော်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားတဲ့ အရပ်သားအကျဉ်သား ၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၄၂   ဦးကို လွှတ်ပေးလိုက်တာလို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ 

“အဓိကတော့ စစ်သုံ့ပန်း မိသားစုဝင်တွေကို သူတို့ရဲ့ နေရပ်ကို ပြန်လွှတ်ပေးချင်တာနဲ့ လွတ်မြောက်ဖို့သင့်ပြီဖြစ်တဲ့ အရပ်သား အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်။ စစ်သုံ့ပန်း မိသားစုဝင်တွေကိုတော့ သူတို့ရဲ့ မိသားစုဝင်တွေဆီ သွားရောက်နိုင်ဖို့ ကူညီပေးသွားဖို့ ရှိတယ်။” 

လက်ရှိ လွတ်မြောက်လာတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေအထဲမှာ အမျိုးသား ၄၀ ယောက်နဲ့ အမျိုးသမီး ၇၆ ယောက် ပါဝင်ပြီး အရပ်သားအကျဉ်းသား ၂၆ ယောက်မှာ အားလုံး အမျိုးသားတွေ ဖြစ်ကြပြီး လက်ရှိ လွတ်မြောက်လာသူ အားလုံးဟာ စစ်ကောင်စီကင်းစင်ပြီး ဖြစ်တဲ့နေရာကသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး၊ မြို့နယ် ၁၅ ခုလုံးကို ထိန်းချုပ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင်း စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၁၀ နီးပါးသေဆုံးခဲ့ပြီး ၁၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ထောင်နှင့်ချီ ဖမ်းဆီရမိထားပြီး သူတို့ကို လုံခြုံစွာစောင့်ရှောက်ပေးထားပြီး ကောင်းမွန်စွာ ဆေးဝါးကုသပြီး ကျွေးမွေးထားတယ်လို့ AA ဘက်က ပြောထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်နိုင်တော့တာဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013