Home
မြန်မာသတင်း
တရားမဝင် နယ်စပ်ဖြတ်လာသည့် ရိုဟင်ဂျာ ၃၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
DVB
·
February 10, 2025

မြန်မာနိုင်ငံဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၃၃ ယောက် ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အကြောင်း Anadolu Agency (AA) သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၉ ရက်က ဖော်ပြပါတယ်။

သူတို့ကို နိုင်ငံအရှေ့တောင်ပိုင်း ဘန်ဘာဒန်ခရိုင်ထဲက အလီကာဒမ်နယ်စပ်ဒေသထဲမှာ  ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီး ၉ ယောက်၊ အမျိုးသား ၁၀ ယောက်နဲ့ ကလေးသူငယ် ၁၄ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

ထောက်လှမ်းရေးအဖွဲ့ကို အခြေခံပြီးတော့ နယ်ခြားစောင့်တပ်နဲ့ ကင်းလှည့်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က အလီကာဒမ်ဒေသထဲက စခန်းတခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ဝင်‌ ရောက်ရှာဖွေခဲ့ချိန်မှာ ခုလိုစစ်ဆေးတွေ့ရှိရတာလို့ ဆိုပါတယ်။

သူတို့အားလုံးဟာ မြန်မာနိုင်ငံအတွင်း စစ်ပွဲအခြေအနေတွေကြောင့် အသက်အန္တရာယ်နဲ့ ဘေးကင်းလုံခြုံနိုင်ဖို့ မျှော်လင့်ချက်နဲ့ ပွဲစားတွေကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျူးကျော်ဝင်ရောက်လာခဲ့တာလို့ နယ်ခြားစောင့်တပ်က ပြောပြီး လတ်တလောမှာတော့ သူတို့ကို နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် အစောပိုင်းတုန်းကလည်း အလီကာဒမ်ဒေသထဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ရိုဟင်ဂျာ ၅၃ ယောက်ကို ဖမ်းမိခဲ့ပါသေးတယ်။

မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA) တို့ကြား တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ကော့ဇ်ဘဇား ကို အိုးမဲ့အိမ်မဲ့ ရိုဟင်ဂျာဒုက္ခသည်အသစ်တွေ ဆက်တိုက်ဆိုသလို ရောက်ရှိလာနေပြီး အစိုးရအနေနဲ့ ဒုက္ခသည်တွေ တိုးပွားလာတာက ဝန်ထုပ်ဝန်ပိုးတွေ ပိုပြီးတော့ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ကော့ဘဇားဒုက္ခသည်စခန်းမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတုန်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံပေးထားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အသွင်ကူးပြောင်းရေး အစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်စ်ကလည်း ပြီးခဲ့တဲ့ လတုန်းက ရိုဟင်ဂျာဦးရေ ၁ သိန်းလောက် နယ်စပ်ဖြတ်ကျော်ကာ ကော့ဘဇား ဒုက္ခသည် စခန်းတွေဆီ ရောက်ရှိခိုလှုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပိုမို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောထားပါတယ်။

Source: Anadolu Agency

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013