
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပြည်သူတွေရဲ့ ဖြုတ်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့ စကားကြောင့် သူ့ရဲ့ဖခင်ဖြစ်တဲ့ နိုင်ငံတည်ထောင်သူ ခေါင်းဆောင် ရှိတ်မူဂျီဘာရာမန်ရဲ့ နေအိမ်ပြတိုက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဟာဆီနာဟာ ကြားဖြတ်အစိုးရကို ဆန့်ကျင်ဖို့ အွန်လိုင်းကနေ တိုက်တွန်းတဲ့ မိန့်ခွန်း ပြောဆိုခဲ့တာကြောင့် ပြည်သူတွေ ဒေါသထွက်ခဲ့ကြတာပါ။
ဆန္ဒပြခဲ့တဲ့ လူအုပ်ကြီးဟာ ဖေဖော်ဝါရီ ၅ ရက် ညမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးယူပေးခဲ့တဲ့ ရှိတ်မူဂျီဘာရာမန်ရဲ့ သမိုင်းဝင်အိမ်ကို မြေထိုးစက်နဲ့ ဖျက်ဆီးခဲ့ပါတယ်။
ဟာဆီနာ အိန္ဒိယနိုင်ငံကနေ အွန်လိုင်းမိန့်ခွန်း စပြောချိန်ကတည်းက ဆန္ဒပြသူတွေဟာ သူ့အဖေရဲ့ အိမ်ခြံစည်းရိုး အုတ်တံတိုင်းတွေကို ဖြိုပြီး အိမ်ကိုဖျက်ဆီးဖို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ တူတွေ၊ တူရွင်းတွေ၊ မြေတူးစက်တွေ၊ ဝန်ချီစက်တွေ ယူဆောင်ပြီး အိမ်ကို ဖျက်ဆီးခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။
နိုင်ငံရဲ့ လွတ်လပ်ရေးကို ဘူဒိုဇာနဲ့ ဖျက်ဆီးလို့မရကြောင်း၊ အဆောက်အအုံကိုသာ ဖျက်ဆီးလို့ရကြောင်း၊ သမိုင်းကို ဖျက်လို့မရကြောင်း ဟာဆီနာက သူ့မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာကြောင့် ဖျက်ဆီးမှုတွေ ပိုပြီး လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
ဆန္ဒပြသူတွေ ဖျက်ဆီးတဲ့ အိမ်ဟာ ၁၉၇၁ ခုနှစ်က ပါကစ္စတန်လက်အောက်ကနေ လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဟာဆီနာရဲ့ ဖခင်ဖြစ်သူ လွတ်လပ်ရေးခေါင်းဆောင် ရှိတ်မူဂျီဘာရာမန်ရဲ့အိမ် ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်မှာ မူဂျီဘာရာမန်ရဲ့ မိသားစုဝင်အများအပြား လုပ်ကြံခံခဲ့ရပြီး အဲဒီလုပ်ကြံမှုမှာ ဟာဆီနာက ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီအဆောက်အအုံကို ပြတိုက်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပြတိုက်အဆောက်အအုံကို ဟာဆီနာအစိုးရရဲ့ သင်္ကေတ တခုအဖြစ် ဆန့်ကျင်သူတွေက သတ်မှတ်ကြပြီး အရင်နှစ်က ပထမဆုံးအကြိမ် မီးရှို့ခဲ့ဖူးပါတယ်။
Source : Reuters