Home
မြန်မာသတင်း
မောင်တောကို ပို့မည့် စားသောက်ကုန်စက်လှေ ၁ စီးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
DVB
·
January 28, 2025
Photo: Teknaf 71

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကို ပို့ဆောင်ဖို့ စားသောက်ကုန်စည်တွေ တင်ဆောင်လာတဲ့ စက်လှေတစီးကို ဇန်နဝါရီ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Teknaf 71 သတင်းမှာ ရေးသားပါတယ်။

ရခိုင်ပြည်နယ်ဘက်ကို တရားမဝင် တင်ပို့မယ့် စားသောက်ကုန်စက်လှေကို တက္ကနဖ်မြို့နယ် ဆာဘရန် ယူနီယံနဲ့ ဆာပရီကျွန်း အနောက်ဘက်ကမ်းခြေ ဧရိယာအတွင်း ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။

စက်လှေတစီးဟာ နတ်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး ရခိုင်ပြည်နယ်အတွင်းကို နေ့စဥ် ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး တရားမဝင် ပို့ဆောင်နေတယ်လို့ သတင်းရရှိတာကြောင့် စစ်ဆေးဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးရမိတာလို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲဒီစက်လှေမှာ စားသောက်ကုန်တွေဖြစ်တဲ့ အာလူး ၃၀ အိတ်၊ ကြက်သွန်နီ ၃၅ အိတ်၊ ကြက်သွန်ဖြူ ၁၄ အိတ်၊ သံအိတ် ၃၀၊ ကာတွန်သွပ်ဘူး ၁၅ အိတ်၊ သွပ် ၇၇ ချပ် စတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က သံသယနဲ့စစ်ဆေးဖို့ လှမ်းခေါ်ယူစဉ်မှာ စက်လှေမောင်းသမားတွေဟာ ကုန်ပစ္စည်းတွေနဲ့ စက်လှေကို ထားခဲ့ပြီး ထွက်ပြေးသွားကြ​တာကြောင့် ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတွေနဲ့ စက်လှေကို တက္ကနဖ် အကောက်ခွန်ရုံးကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ဆို့ထားတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်စည်နဲ့ စားသောက်ကုန်စည်တွေကို တင်သွင်းပြီး စားနေကြရတာ ဖြစ်တယ်လို့ မောင်တောမြို့နယ်က ကုန်သည်တယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ထားတာ ၁ နှစ်ကျော် ရှိသွားပြီ။ ဘာကုန်စည်မှလည်း စီးဆင်းမှုမရှိဘူး။ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာတော့ ဘင်္ဂလားဘက်က ကုန်စည်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုန်သွယ်နေကြတာတွေတော့ ရှိတယ်။ နှစ်ဖက်အစိုးရ တရားဝင်မဟုတ်တော့ တခါတလေ အဖမ်းအဆီးတွေလည်း ရှိကြတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်၊ ပလက်ဝမြို့နယ် ၃ ခုလုံးကို သိမ်းပိုက်လိုက်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေရှိတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

Ref:Teknaf 71

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013