
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အနာဂတ်မှာ လာလီဂါကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ရီးရဲလ်အသင်းဟာ အိုဆာဆူနာနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဘယ်လင်ဂမ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တာ အပါအဝင် ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တာနဲ့ တခြားသော ဆုံးဖြတ်ချက်တွေအပေါ် လာလီဂါဆီ ကန့်ကွက်စာတင်ခဲ့ပါတယ်။
ဆုံးဖြတ်ချက်တွေအပေါ် ကျေနပ်မှု မရှိတာကြောင့် လာလီဂါပြိုင်ပွဲကနေ နုတ်ထွက်ပြီး ပြင်သစ်၊ အီတလီနဲ့ ဂျာမန်လိဂ်တွေမှာ သွားရောက်ကစားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စပိန်သတင်းစာ SPORT က ဖော်ပြပါတယ်။
အသင်းတသင်းအနေနဲ့ ကိုယ်စားပြုလိဂ်မှာ မကစားဘဲ တခြားနိုင်ငံလိဂ်တွေမှာ ဝင်ရောက် ကစားနိုင်တဲ့ စည်းမျဉ်းမရှိသေးပေမဲ့ ဖီဖာနဲ့ ညှိနှိုင်းဆွေးနွေးပြီး တခြားဥရောပလိဂ်တခုမှာ သွားရောက်ကစားဖို့ ရီးရဲလ်အသင်းဘက်က စဉ်းစားနေတယ်လို့ သိရပါတယ်။