
ဂါဇာကမ်းမြောင်ကနေ ပါလက်စတိုင်းပြည်သူတွေကို ရွှေ့ပြောင်းပစ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဆိုပြုချက်ဟာ “မတူကွဲပြားတဲ့ အနာဂတ်တခု ဖန်တီးပေးနိုင်ဖို့ တခုတည်းသော အလုပ်ဖြစ်နိုင်တဲ့ အစီအစဉ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မှတ်ချက်ချခဲ့ပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်လို့ အရှေ့အလယ်ပိုင်းခရီးစဉ် ထွက်ခွာလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ နေတန်ယာဟုတို့ ဆွေးနွေးခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျကို ရောက်ရှိနေပြီး ယူအေအီးကိုလည်း ဆက်သွားဖို့ရှိတဲ့ ရူဘီအိုဟာ ထရမ့်ပ်အစီအဉ်နဲ့ ပတ်သက်ပြီး အာရပ်နိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
နေတန်ယာဟုက သူနဲ့ ထရမ့်ပ်မှာ ဂါဇာအတွက် “ဘုံမဟာဗျူဟာ” ရှိတယ်လို့ပါ ဖေဖော်ဝါရီ ၁၆ ရက်က ပြောပါတယ်။
ထရမ့်ပ် စကားအတိုင်း ဟားမတ်စ်ကသာ လက်ကျန်ဓားစာခံတွေ လွှတ်မပေးရင် ငရဲတံခါး ပွင့်သွားမယ်လို့လည်း နေတန်ယာဟုက ထပ်ပြောပါတယ်။
နေတန်ယာဟုက “ဂါဇာသားတွေကို ဘာလို့ ရွေးချယ်ခွင့်မပေးတာလဲ။ လူတိုင်းက ဒီနေရာဟာ ကမ္ဘာ့အကြီးဆုံး လေဟာပြင်အကျဉ်းထောင်ကြီးလို့ ပြောကြတယ်။ ကျုပ်တို့ကြောင့် မဟုတ်ပါဘူး။ ကျုပ်တို့က လူတွေကို ထွက်ခွင့်ပေးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ပိုက်ဆံရှိတဲ့သူတွေက လာဘ်ထိုးပြီး ဒီကနေ ထွက်ပြေးကြတာ၊ တသိန်းခွဲလောက်ရှိမယ်လို့ပါ ခန့်မှန်းပြပါတယ်။ ထွက်မသွားအောင် ဟားမတ်စ်တွေက သေနတ်နဲ့ တားထားတာလို့လည်း စွပ်စွဲခဲ့ပါတယ်။
လူမျိုးရေးရှင်းလင်းတာ၊ အဓမ္မဖယ်ရှားတာမဟုတ်ဘဲ သူတို့ထွက်ခွာချင်ရင် ထွက်ခွာဖို့ ရွေးချယ်ခွင့်ပေးဖို့ ပြောနေတာသာ ဖြစ်တယ်လို့ပါ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
ဒါကြောင့် သမ္မတ ထရမ့်ပ်ရဲ့ အစီအစဉ်ဟာ ကွက်တိကျပြီးတော့ မှန်ကန်တယ်လို့ပါ အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Source : Reuters