Home
နိုင်ငံတကာ
ထရမ့်ပ်၏ ဂါဇာအစီအစဉ် အရှေ့အလယ်ပိုင်းကို မီးလောင်ရာလေပင့်လိမ့်မည်ဟု သတိပေး
DVB
·
February 13, 2025
Photo: Reuters

တကမ္ဘာလုံးက ရှုတ်ချခဲ့တဲ့ ဂါဇာကို သိမ်းပိုက်ပြီး ပါလက်စတိုင်းတွေကို ပြန်နေရာချထားမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်က ဂါဇာကမ်းမြောင်မှာ ပြိုကွဲလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် မီးထိုးမယ့်ဘေးကို ခြိမ်းခြောက်နေတယ်လို့ အာရပ်အကြီးတန်းအရာရှိတွေက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောပါတယ်။

အာရပ်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် အာမဒ်အဘူဂိုက်သ်က ဒူဘိုင်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အစိုးရ ထိပ်သီးအစည်းအဝေးမှာ သတိပေးလိုက်တာပါ။

ထရမ့်ပ်က သူ့ရဲ့အစီအစဉ်ကို ဆက်လုပ်ရင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှုတွေနဲ့အတူ အရှေ့အလယ်ပိုင်းကို အကျပ်အတည်းသံသရာသစ်ဆီ ဦးဆောင်သွားလိမ့်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အမေရိကန်က ဂါဇာကိုသိမ်းပိုက်ပြီး ဂါဇာမှာနေခဲ့တဲ့ ပါလက်စတိုင်း လူဦးရေ ၂ သန်းကျော်ကို ပြန်နေရာချထားရင်း “အရှေ့အလယ်ပိုင်းမြစ်ဝှမ်း” အဖြစ် ဖော်ဆောင်မယ်လို့ ထရမ့်ပ်က မမျှော်လင့်ဘဲ ကြေညာခြင်းအားဖြင့် အာရပ်ကမ္ဘာကို ဒေါသထွက်အောင် လုပ်ခဲ့တာပါ။

အခြေအနေက စစ်ရေးအရ နောက်တကြိမ် ပေါက်ကွဲသွားရင် ဒီ (အပစ်အခတ်ရပ်စဲရေး) ကြိုးပမ်းမှုအားလုံး အလဟဿဖြစ်လိမ့်မယ်လို့ အဘူဂိုက်သ်က ပြောခဲ့ပါတယ်။

ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မဟာမိတ်အဖွဲ့ကို ဦးဆောင်သူ ဂျေဆန်အယ်လ် ဘူဒိုင်ဝီက ဒေသတွင်းနဲ့ အမေရိကန် အစိုးရတို့ကြား ခိုင်မာတဲ့ ဆက်ဆံရေးကို သတိရဖို့ ထရမ့်ပ်ကို တောင်းဆိုခဲ့ပါတယ်။ ထရမ့်ပ် ပြောနေတာတွေကို အာရပ်ကမ္ဘာက လက်ခံမှာမဟုတ်ဘူးလို့ ဘူဒိုင်ဝီက ပြောပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းလူမျိုးတွေဟာ ပါလက်စတိုင်း လူဦးရေ များနေပြီးသား ဂျော်ဒန်လို နိုင်ငံတွေနဲ့ အာရပ်ကမ္ဘာရဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံတို့မှာ အခြေချနေထိုင်နိုင်တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

အီဂျစ်နဲ့ ဂျော်ဒန် နှစ်နိုင်ငံစလုံးက အဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။ ဂျော်ဒန်အတွက် ပြန်လည်နေရာချထားရေးဆိုင်ရာ ထရမ့်ပ်ရဲ့ အပြောဟာ ဂါဇာနဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ဖို့ အိပ်မက်ဆိုးနဲ့ နီးကပ်လာတာပါ။

ဂျော်ဒန်ဟာ ပါလက်စတိုင်းတွေရဲ့ ဒုတိယအိမ်ဆိုတဲ့ စိတ်ကူးကို အမျိုးသားရေး အစွန်းရောက် အစ္စရေးတို့က ကာလရှည်ကြာ လမ်းကြောင်းဖော်ပေးနေခဲ့ပါတယ်။

အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်စီစီ ကလည်း ပါလက်စတိုင်းအရေးကို လုံခြုံရေးပြဿနာအဖြစ် တစိတ်တပိုင်း ရှုမြင်ထားတာပါ။

ဟားမတ်စ်တို့လို အစ္စလမ္မစ်တွေဟာ အီဂျစ်နဲ့ တခြားနေရာတွေ အတွက်ပါ တည်ရှိနေဆဲ ခြိမ်းခြောက်မှုတရပ်အဖြစ် အယ်လ်စီစီက ယုံကြည်ပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး အီဂျစ်မှာ အခြေချနေထိုင်မယ့် ဘယ်အဖွဲ့ကိုမှ မကြိုဆိုဘူးလို့လည်း အယ်လ်စီစီက ပြောထားပါတယ်။

ပါလက်စတိုင်းအတွက် ပြင်းထန်တဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ ဖေဖော်ဝါရီ ၂၇ ရက်မှာ အာရပ်ထိပ်သီးအစည်းအဝေးကို အီဂျစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013