Home
ဆောင်းပါး
စကမ်ကုမ္ပဏီ (Scam Inc.) ကျယ်ပြန့်ပြီး အဆင့်မြင့်တဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းကြီး 
DVB
·
February 17, 2025

အွန်လိုင်း လိမ်လည်မှုက ဘယ်သူမှ လွတ်နိုင်စရာ အကြောင်းမရှိ

အဂ္ဂါနဲ့ ရီတာတို့ ပညာရှင်- အလုပ်ရှာဖွေရေး လူမှုကွန်ရက် LinkedIn မှာ တွေ့ကြတယ်။ အဂ္ဂါက ကနေဒါ ဆော့ဖ်ဝဲကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်။ ကောင်မလေး ရီတာက စင်ကာပူက အကြံပေးကုမ္ပဏီကြီးတခုမှာ လုပ်နေတယ်။ သူငယ်ချင်းသဘောပါပဲ။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ အချိန်ပြည့် ချတ်နေကြတယ်။ တနေ့တော့ ရီတာက ခရစ်ပ်တိုငွေကြေး ဘယ်လို ရောင်းဝယ်ရမယ် ဆိုတာ သင်ပေးမယ်ဆိုပြီး ပြောလာတယ်။ ဒီလိုနဲ့ပဲ သူလည်း ငွေကြေး အတော် အလုပ်ဖြစ်လာတယ်။ ဒီလိုနဲ့ ပိုစွန့်စားမိတယ်။ ဒါပေမဲ့ အဂ္ဂါက ငွေပြန်ထုတ်မယ်လုပ်တော့ မရတော့ဘူး။ အခု ခရစ်ပ်တိုငွေကြေး ရောင်းဝယ်နေတဲ့ ဆိုဒ်က အတုကြီးဆိုတာ သိသွားတယ်။ သူဒေါ်လာ ၇၈,၀၀၀ လောက် ဆုံးသွားပါပြီ။ ဒီလိုနဲ့ နောက်ဆုံး ရီတာက လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်သူ၊ မြန်မာနိုင်ငံကိုရောက်ပြီး ခြံဝင်းတခုထဲမှာ အကျဉ်းသားဖြစ်နေတယ်ဆိုတာ သိလာရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဂ္ဂါရော၊ ရီတာရောက ‘ဝက်သတ်တဲ့လုပ်ငန်း’ (pig-butchering) မှာ သားကောင်တွေပါပဲ။ တကယ့်ကို အမြတ်အစွန်းများနေတဲ့ လုပ်ငန်းကြီးပါပဲ။ တကမ္ဘာလုံးမှာ ရှိနေတဲ့ လိမ်လည်ခံရသူ သားကောင်တွေဆီက တနှစ်ကို ဒေါ်လာ ၅၀၀ ဘီလီယံ (သန်းနောက်မှာ သုည ၃ လုံး) ညှစ်ယူနေတဲ့ လုပ်ငန်းကြီးပါပဲ။ “Scam Inc” လူလိမ်လုပ်ငန်းကြီး ဆိုပြီး The Economist က podcast လုပ်ထားတယ်။ The Economist မဂ္ဂဇင်းက ဒီရာဇဝတ်မှုတွေ၊ ရာဇဝတ်ကောင်တွေကို သူတို့ခံရတာ လူသိရှင်ကြား မဖော်ထုတ်နိုင်တဲ့ ဇာတ်လမ်းတွေကို ဖော်ထုတ်စစ်ဆေး တင်ပြတယ်။ Scam Inc. ဆိုတာကတော့ ဆယ်စုနှစ် အချို့အတွင်း အထင်ရှားဆုံး စုဖွဲ့စည်းထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကြီးပါပဲ။

ဝက်သတ်တာ (Pig-butchering) တနည်းအားဖြင့် တရုတ်လို ချားဇူပန်း (sha zhu pan) လို့ ခေါ်တယ်။ ပထမ လိမ်မယ့်သူက ဝက်ကျင်း (sty) တခုကို တည်ဆောက်တယ်။ လူမှုကွန်ရက်ပေါ်မှာ ပရိုဖိုင်းအတုတွေနဲ့ပေါ့။ ပြီးတဲ့နောက် သူတို့က ဝက်ကို ရွေးချယ်တယ်။ ပစ်မှတ်လုပ်တယ်။ ဝက်ကို ယုံကြည်မှုတည်ဆောက်ဖို့ ရက်သတ္တပတ်များစွာ၊ လချီထိတိုင်အောင် မွေးမြူတယ်။ သူတို့ကို ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်တယ်။ နောက်ဆုံး သူတို့ဆီက၊ သူတို့မိသားစုဆီက၊ မိတ်ဆွေတွေဆီက “အရည်တစက်မှ မကျန်တော့တဲ့ အထိအောင်” ညှစ်ထုတ်ရင်း ဝက်ကိုသတ်လိုက်တယ်။

ဒီလုပ်ငန်းကြီးက အလျှင်အမြန် တိုးတက်လာနေတယ်။ စင်ကာပူနိုင်ငံမှာ အဲသလိုလိမ်လည်မှု (scams) က တွေ့ရအများဆုံး ရာဇဝတ်မှုတွေ ဖြစ်နေတယ်။ ကုလသမဂ္ဂ အဆိုအရ ၂၀၂၃ ခုနှစ်မှာ ဒီလုပ်ငန်းကြီးက လူ ၂ သိန်းခွဲခန့် ကမ္ဘောဒီးယား၊ မြန်မာမှာ အလုပ်ခန့်ထား ဆောင်ရွက်နေတယ်။ နောက်ထပ် ခန့်မှန်းချက်တခုကတော့ ကမ္ဘာတခုလုံးမှာ လူလိမ်လုပ်သား ၁ သန်းခွဲ လောက် ရှိမယ်လို့ ဆိုတယ်။ The Economist က ဖော်ပြတဲ့ Scam Inc. ဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စု မင်နီဆိုတားပြည်နယ်က လူတဦးဟာ ဒေါ်လာ ၉ ဒသမ ၂ သန်း ဆုံးရှုံးခဲ့ရတဲ့အကြောင်း၊ ကင်းဆပ်ပြည်နယ် ကျေးလက်က ဘဏ်တခုဟာ သူ့ဘဏ်အကြီးအကဲက ‘ဘဲလာ’ လို့ခေါ်တဲ့ အွန်လိုင်းက အမျိုးသမီးတဦးရဲ့ လမ်းညွှန်မှုနဲ့ လိမ်လည်ငွေထုတ်ပြီး ခရစ်ပ်တိုတွေ ဒေါ်လာ ၄၇ သန်း ဝယ်လိုက်တာ နောက်ဆုံး ပြိုကျသွားခဲ့ရတဲ့အကြောင်း၊ ခရစ်ယာန်ဘုန်းတော်ကြီးတပါးက သူ့ဘုရားကျောင်းကငွေတွေ ခိုးယူတဲ့အထိ ဖြစ်ခဲ့ရကြောင်းတွေ ဖော်ပြထားတယ်။

အွန်လိုင်းလိမ်လည်မှုတွေရဲ့ အတိုင်းအဆနဲ့ ပမာဏက နှိုင်းယှဉ်ဖော်ပြရရင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်နေကြသလောက် ရှိနေတယ်။ ကိစ္စများစွာမှာတော့ မူးယစ်ဆေးထက် ပိုဆိုးပါတယ်။ အကြောင်းတချက်ကတော့ လူတိုင်းက သူတို့ဘဝ သူတို့ကျောင်း လှုပ်ရှားနေရင်း ပစ်မှတ်ဖြစ်လာနိုင်ခြေ ရှိနေလို့ပါပဲ။ The Economist မဂ္ဂဇင်းက ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ခံရသူ သားကောင်တွေထဲမှာ ဦးနှောက်အာရုံကြောသိပ္ပံနဲ့ ပါရဂူဘွဲ့ရထားတဲ့သူ ပါတယ်။ အွန်လိုင်း လိမ်လည်မှုတွေကို ရှာဖွေတိုက်ဖျက်ဖို့ လုပ်နေတဲ့ဌာန၊ FBI အဖွဲ့က စုံစမ်းစစ်ဆေးသူရဲ့ ဆွေမျိုးတွေပါတယ်။ လုပ်ဆောင်ရမယ့် လမ်းညွှန်တွေက ရီတာလိုမျိုး တဆင့်ပြီးတဆင့် ညွှန်ကြားချက်တွေနဲ့ လုပ်သွားတာ၊ လူတွေကို လှည့်ဖျားအသုံးချပြီး သူတို့ရဲ့ စိတ်လှုပ်ရှား ခံစားချက်တွေကနေ ကျော့ကွင်းထောင်သွားတာ။ ချစ်ကြိုက်ဇာတ်လမ်းတွေက ထောင်ချောက် တမျိုးပဲလို့ ခင်ဗျားတို့ထင်ရင် မှားပါလိမ့်မယ်။ လိမ်လည်သူတွေက လူတွေရဲ့ အားနည်းချက်၊ စိတ်ခံစားချက် အားလုံးကို အသုံးချပါတယ်။ ကြောက်တာ၊ အထီးကျန်ဖြစ်တာ၊ လောဘကြီးတာ၊ ပျင်းရိငြီးငွေ့တာ အားလုံးကို အသုံးချပါတယ်။ အခု scam လုပ်ငန်းက ဘာဖြစ်လို့ မူးယစ်ဆေးထက် ပိုဆိုးတာလဲဆိုတော့ ဒီလုပ်ငန်းတွေက ဥပဒေပြင်ပ လက်လှမ်းမမီတဲ့နေရာတွေ ကနေ လှုပ်ရှားနေလို့ပါပဲ။

တကယ့် ရုပ်ပိုင်းလက်တွေ့မှာတော့ ဝက်သတ်သမားတွေက လူလိမ်တွေစုထားတဲ့ လုပ်ငန်းကြီးရဲ့ ထုတ်လုပ်မှုလမ်းကြောင်း ခြံဝင်းကြီးတွေထဲက လုပ်ပါတယ်။ ဒီလုပ်ငန်းကြီးတွေက တဘက်မှာ ထောင်လို၊ ရှေးခေတ်က ကုမ္ပဏီကြီးတွေနဲ့ စုဝေးတည်ထားတဲ့ မြို့တွေလိုမျိုးပါ။ စူပါမားကက် ဈေးကြီးတွေ၊ ပြည့်တန်ဆာခန်းတွေ၊ လောင်းကစားဝိုင်းတွေလည်း တည်ရှိကြပါတယ်။ အဲဒါအပြင် ပြဿနာလုပ်တဲ့ လုပ်သားတွေကို နှိပ်စက်ခန်းတွေလည်း ရှိပါတယ်။ အမြတ်ငွေထဲက တချို့ကိုတော့ နိုင်ငံရေးသမားတွေ၊ အရာရှိတွေဆီက ကာကွယ်ပေးမှုကို ဝယ်ယူထားကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အဲလစ်ဂွါလို့ နာမည်ရတဲ့ တရုတ်အမျိုးသမီးတယောက်ဟာ ခပ်ဟောင်းဟောင်း အရောင်တွေကျနေတဲ့ မြို့ငယ်လေးတခုက မြို့တော်ဝန် ဖြစ်နေပါတယ်။ သူက အဆောက်အဦ ၃၀ ပါတဲ့ လူလိမ်ခြံဝင်းကြီး (scamming complex) ကို တည်ဆောက်ထားပါတယ်။ ၂၀၁၉-၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့ဘဏ်ထဲကို ငွေ ဒေါ်လာ ၄၀၀ သန်းလောက် ဖြတ်သန်း စီးဆင်းခဲ့ပါတယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာတော့ အဓိကစီးပွားရေးက ဆိုင်ဘာရာဇဝတ်မှု (cybercrime) တွေ ဖြစ်နေပါတယ်။ လူလိမ်လုပ်ငန်းနဲ့ အလုပ်ဖြစ်နေတဲ့ နိုင်ငံတော် (Scam states) တွေဟာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားကြလို့ အလုပ်ဖြစ်နေတဲ့နိုင်ငံ (narco states) တွေထက် ပိုလို့ ကိုင်တွယ်ရခက်ပါတယ်။

လူလိမ် scammers တွေက အွန်လိုင်းကမ္ဘာမှာ ဖော်ထုတ်သိရှိရ ခက်ခဲပါတယ်။ တရုတ်ရာဇဝတ်ဂိုဏ်းကြီး (Chinese criminal syndicates) တွေက ဦးဆောင်လှုပ်ရှားနေကြပြီး ထက်-အောက် ခေါင်းဆောင်မှုနဲ့ ထိန်းချုပ်တဲ့ မာဖီးယားအဖွဲ့တွေနဲ့ မတူပါဘူး။ အဲဒီအစား သူတို့က မြေအောက် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် (underground gig economy) ကို ဖွဲ့စည်းထားကြပါတယ်။ တချို့အုပ်စုတွေက ပစ်မှတ်ထားတဲ့သူဆီကို ဆက်သွယ်ဖို့ အထူးပြုထားပါတယ်။ တချို့ကတော့ ခရစ်ပ်တိုငွေကြေးမှာ ရင်းနှီးမြှုပ်နှံလာအောင် အနီးကပ် ကြီးကြပ်ပါတယ်။ တတိယလူကတော့ ခိုးယူထားတဲ့ ငွေကြေးတွေကို ငွေမည်းကနေ ငွေဖြူဖော်တာမျိုး လုပ်ပါတယ်။ လူသားတွေရဲ့ အားနည်းချက်တွေက‌နေ ဒစ်ဂျစ်တယ်နည်းနဲ့ ညှစ်ထုတ်ရယူတာ (digital fracking) မျိုးမှာ အထူးပဲ ကျွမ်းကျင်လှပါတယ်။

လူလိမ်လုပ်ငန်း (scam) က မူးယစ်ဆေးလုပ်ငန်းထက် ပိုဆိုးတယ်ဆိုတဲ့ နောက်ထပ် အကြောင်းတခုက တီထွင်ဆန်းသစ်မှု အပြည့်ဖြစ်နေလို့ပါ။ လူလိမ်တွေက အဆင့်မြင့် malware တွေကို သုံးကြပါတယ်။ သားကောင်ရဲ့ ဖုန်း၊ စက်ပစ္စည်းထဲကနေပြီး အရေးကြီးတဲ့ဒေတာတွေကို ရယူကြပါတယ်။ အွန်လိုင်းဈေးကွက် ရောင်းဝယ်ကြတဲ့ နည်းစနစ်၊ ဝန်ဆောင်မှုတွေ၊ ဝက်ဘ်ဆိုက် ဒိုမိန်းတွေ၊ အေအိုင် (AI) ဆော့ဖ်ဝဲတွေ၊ နှိပ်စက်ရေးကိရိယာတွေကိုလည်း သုံးကြပါတယ်။ လူလိမ်တွေက ခရစ်ပ်တိုငွေကြေးကိုသုံးပြီး ငွေတွေကို တကယ့်အစစ်အမှန်ကမ္ဘာဘက်ကို လျှင်လျှင်မြန်မြန် ရွှေ့ပြောင်းနိုင်ကြပါတယ်။ ဘယ်လိုအားသာချက်တွေ ရှိနေရှိနေ၊ အမေရိကန်မှာ ခရစ်ပ်တိုငွေကြေးကို ဥပဒေအရ စည်းကြပ်တာ လျှော့ပေါ့မှုတွေ ရှိနေတော့ သူတို့အတွက် အခွင့်အလမ်းကြီးကို ဖြစ်နေစေပါတယ်။

အေအိုင် (AI) က တီထွင်ဆန်းသစ်မှုတွေကို နောက်တဆင့် အစွမ်းမြှင့်ပေးနေပါတယ်။ ဒီနေ့ကာလမှာတောင် လူတဦးရဲ့ ၁၅ စက္ကန့်စာ အသံကို ကလုန်းအဖြစ် တုယူ ဖော်ထုတ်နိုင်ပါတယ်။ ဒီလိုနဲ့ ရာဇဝတ်သားတွေက အယောင်ဆောင် ဖန်တီးနိုင်ပါတယ်။ ဟောင်ကောင်ရှိ ဗြိတိသျှ အင်ဂျင်နီယာကုမ္ပဏီ (Arup) ရုံးက ဝန်ထမ်းတဦးဟာ သူ့ကို ဗီဒီယိုကောလ်ခေါ် ပြီး ဒေါ်လာ ၂၅ သန်း ပေးဖို့ လိမ်ခံရပါတယ်။ အဆင့်မြင့်လိမ်လည်မှု (Deepfakes) နဲ့ သူ့လုပ်ဖော်ကိုင်ဖက်၊ ဘဏ္ဍာရေးဌာန အကြီးအကဲသဖွယ် ဟန်လုပ်သွားခဲ့တာပါ။ အသံနဲ့ မျက်နှာအရုပ် အပြောင်းအလဲတွေလုပ်လို့ အေအိုင် (AI) ဘာသာပြန်လုပ်ငန်း၊ နည်းပညာတွေနဲ့ ဒေတာတွေကို ခိုးယူတာတွေလည်း လုပ်ပြီး မြေအောက်ဈေးကွက်မှာ ရောင်းချတာတွေလည်း ဖြစ်နိုင်ပါတယ်။ နေရာများစွာမှာ လူလိမ် scammers တွေက သားကောင်များစွာကို ပစ်မှတ်ထား လိမ်လည်နိုင်ပါတယ်။

ရာဇဝတ်ကောင်တွေက ဒေတာအစု အကြီးကြီး (large data sets) တွေကနေ သုံးသပ်ခွဲခြမ်းမှုပညာ (analytics) ကို အသုံးပြုပြီး ဓနဥစ္စာကြွယ်ဝသူတွေ၊ အထီးကျန်နေသူတွေ၊ ဒါမှမဟုတ် ဒုက္ခရောက်နေသူတွေကို ရှာဖွေလို့ ပစ်မှတ်ထားနေကြပါတယ်။

အွန်လိုင်းလိမ်လည်မှု (Online scams) တွေက မူးယစ်ဆေးဝါးလုပ်ငန်းထက်ကို ပိုလို့ တိုက်ဖျက်သုတ်သင်ရ ခက်ခဲပါတယ်။ မူးယစ်ဆေးလောကနဲ့ နှိုင်းယှဉ်ပြောရရင် ဥပဒေပြဋ္ဌာန်းတာ၊ ထိန်းချုပ်စည်းကြပ်တာ၊ ကုသရေးစနစ်တွေ ရှိနိုင်ပါတယ်။ ပညာပေးမှုက အလုပ်ဖြစ်နိုင်ပါတယ်။ စင်ကာပူနိုင်ငံမှာ လူအများသုံး ခရီးသည်ပို့ဆောင်ရေး စနစ်တိုင်းမှာ၊ အွန်လိုင်းက ငွေပေးငွေယူ လုပ်မယ်ဆိုတိုင်းမှာ သတိပေးချက်က ခဏခဏ ထွက်ပေါ်တတ်ပါတယ်။ ဒါ့အပြင် ရဲလုပ်ငန်း သေချာ ဆောင်ရွက်ရင် အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

လူလိမ် scammers တွေကို တိုက်ခိုက်ဖို့ဆိုရင် အာဏာပိုင်တွေက သူတို့ကိုယ်ပိုင် ကွန်ရက်တွေ ဖန်တီးဖို့ လိုအပ်နေပါတယ်။ ဒီနေ့ကာလမှာ ရဲတပ်ဖွဲ့အများက မူးယစ်ဆေးတွေကို တိုက်ဖျက်နိုင်ဖို့ သူတို့တပ်ဖွဲ့၊ ရင်းမြစ်အများကို အသုံးချနေကြပါတယ်။ လိမ်လည်မှုကိစ္စ scamming တွေကိုလည်း အဲသလို နာကြည်းခံစားချက်မျိုးနဲ့ တိုက်ခိုက်ဖို့ လိုအပ်နေပါတယ်။ အဲဒီအစား သူတို့က ဘဏ်တွေ၊ ခရစ်ပ်တိုငွေကြေး လဲလှယ်ရာဌာနတွေ၊ အင်တာနက် ဝန်ဆောင်မှုပေးသူ (internet-service providers) တွေ၊ တယ်လီကွန်ကုမ္ပဏီတွေ၊ လူမှုမီဒီယာ ပလက်ဖောင်းတွေ၊ အီး-ကောမာ့စ်ကုမ္ပဏီ (e-commerce firms) တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ စင်ကာပူနိုင်ငံက ရဲ၊ ဘဏ်လုပ်ငန်း၊ e-commerce ကုမ္ပဏီတွေနဲ့ အာရုံကြောစနစ် ဗဟိုချက်မ (nerve centre) လိုမျိုး ထူထောင်ထားပါတယ်။ အကယ်၍ လိမ်ခံရတယ်ဆိုရင် လူလိမ်က ငွေစာရင်းဟိုဘက်သည်ဘက် ပြောင်းနေစဉ်မှာ ချက်ချင်း ရပ်ဆိုင်းလိုက်လို့ရပါတယ်။

ဝက်သတ်သမားရဲ့ လက်တွင်းဓားချက်က လွတ်စေခြင်း

နိုင်ငံတွေအဖို့ သူတို့နယ်နိမိတ်ကို ကျော်လို့ကြည့်ဖို့ လိုအပ်နေပါတယ်။ ရာဇဝတ်သားတွေက ငွေတွေ၊ လူတွေကို နယ်စပ်ဘောင်ကျော်လို့၊ ဥပဒေ အချုပ်အခြာအာဏာတွေကို ကျော်လို့ အလုပ်လုပ်နေကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဥပဒေစည်းကြပ်ရေးကလည်း လိုက်လို့မမီနိုင် ဖြစ်နေပါတယ်။ လူလိမ်ဘော့စ် (scam bosses) တွေက တရုတ်ပြည်မကြီးကဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ နှစ်စဉ်နှစ်တိုင်း လူထောင်သောင်းချီကို ဖမ်းဆီးနေပါတယ်။ ဘယ်နိုင်ငံကမှ သူတို့ဆောင်ရွက်နိုင်တဲ့ အတိုင်းအဆနဲ့ အဆင့်မြင့်စနစ်တွေကို နားမလည်နိုင်ကြသေးပါဘူး။ အမေရိကန်နဲ့ တရုတ်နဲ့ ခေါင်းချင်းဆိုင် ပူးပေါင်းကြမယ်ဆိုရင် အွန်လိုင်းလိမ်လည်မှု (scam) လုပ်ငန်းတွေက သူတို့လုပ်ဆောင်နိုင်တဲ့ နယ်ပယ်တခုပါ။ တကယ်လည်း အများပြည်သူ ကောင်းကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်လှပါတယ်။

အောင်သူငြိမ်း 

Ref: The Economist. (Feb 6, 2025). The vast and sophisticated global enterprise that is Scam Inc.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024