Home
နိုင်ငံတကာ
ကျားဖြန့်အမှုနှင့်ဆက်နွှယ်ပြီး တာ့ခ်ခရိုင် လဝက ရဲမှူးကြီးကို တာဝန်မှရပ်စဲပြီး စစ်ဆေး 
DVB
·
February 13, 2025

ထိုင်းမြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်း နှိမ်နင်းရေးကို ထိုင်းအစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာမှာ အဆိုပါလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ဖွယ် သံသယရှိတဲ့ ထိုင်းရဲအရာရှိတွေကိုလည်း ရာထူးတာဝန်မှချထားပြီး  စုံစမ်းစစ်ဆေးနေပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က တာ့ခ်ခရိုင် ရဲမှူးချုပ် ၂ ယောက်ကို ရာထူးမှချထားကြောင်း DVB သတင်းက ဖော်ပြခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မှာလည်း နောက်ထပ် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ရာထူးအမြင့်ဆုံးဖြစ်တဲ့ လဝက ရဲမှူးချုပ် ဘောဝွန်းဖုပ် ဆွန်ထရရေးခါ ကိုပါ လက်ရှိတာဝန်ဝတ္တရားမှ ရပ်စဲလိုက်ကြောင်း Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရဲမှူးချုပ် ဘောဝွန်းဖုပ်ကို စုံစမ်းရေးကော်မတီက လိုအပ်သလို စစ်ဆေးမေးမြန်းစဉ် ဘန်ကောက် လဝကရဲတပ်ဖွဲ့ ရုံးချုပ်မှာ တွဲဘက်တာဝန်ထမ်းဆောင်စေပြီး သူ့ရဲ့ လစ်လပ်နေရာမှာ ထိုင်းလဝက ရဲဌာနချုပ်မှ ဒုရဲချုပ် ပရချ်ယား ပရဆန်ဆုခ်က ယာယီတာဝန်ထမ်းဆောင်ဖို့ ထိုင်းလဝက ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တာ့ခ်ခရိုင် လဝက ရဲမှူးချုပ် ဘောဝွန်းဖုပ်အား ရာထူးမှချထားရခြင်း အကြောင်းရင်းမှာ ဒီမတိုင်ခင်က ထိုင်းနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွား၊ နိုင်ငံခြားသား အမြောက်အမြားဟာ တာ့ခ်ခရိုင် မဲဆောက်၊ ဖုပ်ဖရ၊ မယ်လမတ် စတဲ့ နယ်စပ်တွေမှာ ပျောက်သွားပြီး တဘက်နိုင်ငံ မြဝတီထဲ နယ်စပ် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်သွားပြီး လူကုန်ကူးခံရတာတွေ ရှိနေတယ်၊ အဆိုပါဒေသတွေဟာ ခရိုင် လဝကရဲမှူးချုပ် တာဝန်ယူ ကြီးကြပ်နေတဲ့ နေရာတွေ ဖြစ်တယ်၊ အခုလို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှုတွေဟာ ထိုင်းနိုင်ငံ၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်သိက္ခာ ကျဆင်းစေတာကြောင့် ခရိုင်ရဲမှူးချုပ် အနေနဲ့ တာဝန်ဝတ္တရားလစ်ဟင်းမှု၊ ဝန်ထမ်းကျင့်ဝတ်နဲ့ ပါဝင်ပတ်သက်မှု သံသယတွေနဲ့ စုံစမ်းစစ်ဆေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တဘက်ကမ်း မြဝတီခရိုင် အထူးစီးပွားရေးဇုန်ထဲမှာ တရားမဝင် လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ အတင်းအဓမ္မ လုပ်အားခိုင်းစေခံရမှုတွေ ရှိနေပြီး အဆိုပါ လုပ်ငန်းတွေမှာ ထိုင်းဘက်က ရဲအရာရှိတွေလည်း ပါဝင်ပတ်သက်နေကြောင်း ထိုင်းနယ်စပ်ရေးရာ အမျိုးသားလုံခြုံရေးကော်မရှင် ဥက္ကဋ္ဌ People’s Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုမ်းက သတင်းထောက်တွေကို  ပြောခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖိအားပေးမှုကြောင့် မြဝတီအထူးစီးပွားရေးဇုန်က တာဝန်ရှိသူဖြစ်တဲ့ BGF ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူက အဲဒီဇုန်မှာရှိတဲ့ နိုင်ငံခြားသား ၁၀,၀၀၀ ကျော်ကို ပြန်ပို့မယ်လို့ မီဒီယာတွေကို ပြောထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းမှာတော့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ကျားဖြန့်ဂိုဏ်းသားအဖြစ် လိမ်လည်သိမ်းသွင်းခံရသူ ၂၆၀ ကျော်ကို ထိုင်းဘက် ပြန်လွှဲပေးခဲ့ပါတယ်။

Source : Khaosod News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024