
ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်း မျှော်လင့်နိုင်စွမ်းရှိနေဆဲ ဖြစ်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်သွားပါတယ်။
လီဗာပူးအသင်းက ဝုဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ အာဆင်နယ်ကို ၇ မှတ်ဖြတ်ထားပေမဲ့ ချန်ပီယံဆုမျှော်လင့်နိုင်သေးတဲ့အကြောင်း နဗီးလ်က သုံးသပ်ခဲ့တာပါ။
ရှေ့လာမယ့် ပွဲစဉ် ၂ ပွဲမှာ လီဗာပူးအသင်းက ဗီလာနဲ့ မန်စီးတီးတို့ကို အဝေးကွင်း ၂ ပွဲ ဆက်တိုက်ကစားရမှာဖြစ်လို့ အမှတ်လျော့နိုင်ကြောင်း အဲဒီပွဲစဉ်တွေမှာ ရလဒ်ကောင်းရမှသာ ချန်ပီယံဆုအတွက် အားသာချက်ရှိစေမှာဖြစ်ကြောင်း နဗီးလ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဗီလာနဲ့ပွဲစဉ်ကို အာဆင်နယ်အသင်းရဲ့ ပွဲစဉ်မတိုင်ခင် ကြားရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ အနိုင်ရမယ်ဆိုရင် တပွဲပိုကစားပြီး ရမှတ် ၁၀ မှတ်အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။