
ကွင်းလယ်လူ မယ်ရီနိုဟာ တိုက်စစ်မှူးတယောက်လို စွမ်းဆောင်နိုင်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
စပိန်ကွင်းလယ်လူဟာ လက်စတာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး အနိုင်ဂိုး ၂ ဂိုးစလုံးသွင်းယူပေးခဲ့တာပါ။
အာဆင်နယ်တိုက်စစ်ပိုင်းမှာ ဟာဗက်ဇ်၊ ဂျေဆုတို့အပြင် ဆာကာနဲ့ မာတင်နယ်လီတို့ ဒဏ်ရာရနေတာကြောင့် အခက်တွေ့ခဲ့ရပြီး ကွင်းလယ်လူ မယ်ရီနိုက တိုက်စစ်ပိုင်းမှာ လူစားဝင် ကစားခဲ့တာပါ။
မယ်ရီနိုဟာ ဂိုးပေါက်ခြိမ်းခြောက် နိုင်စွမ်းရှိပြီး ပြိုင်ဘက်ဂိုးဧရိယာရှေ့မှာ ချိန်သားကိုက် လှုပ်ရှားနိုင်သူ ဖြစ်ကြောင်း၊ လာမယ့်ပွဲစဉ်တွေမှာ ပြိုင်ဘက်ရဲ့အခြေအနေနဲ့ အသင်းရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး မယ်ရီနိုကို တိုက်စစ်မှူးအဖြစ် ဆက်လက်အသုံးပြုနိုင်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
အရပ် ၆ ပေ ၂ လက်မအမြင့်ရှိတဲ့ မီခေးလ်မယ်ရီနိုဟာ စပိန်လက်ရွေးစင်အသင်းနဲ့ အသင်း ဟောင်း ဆိုစီဒက်အသင်းတွေမှာလည်း ပွဲချိန်နောက်ပိုင်းတွေမှာ ခေါင်းတိုက်သွင်းဂိုးတွေ မကြာခဏ သွင်းယူပေးခဲ့ဖူးပါတယ်။