Home
မြန်မာသတင်း
အဝေးသင်တက္ကသိုလ်အပ်ရာတွင် စာအုပ်ဖိုးပေးထားရသော်လည်း စာအုပ်မရ
DVB
·
February 16, 2025
UDE160220251

စစ်ကောင်စီဖွင့်လှစ်နေတဲ့ ဒဂုံအဝေးသင်တက္ကသိုလ်မှာ ၂၀၂၅ ပညာသင်နှစ်ကစလို့ ကျောင်းအပ်ခ ၁ သိန်းနီးပါးဖြစ်လာပြီး ဖတ်စာအုပ်ဖိုးကိုလည်းပေးချေထားကြပေမဲ့ စာအုပ်တွေမရကြဘူးလို့ ကျောင်းအပ်နှံသူတွေက ပြောပါတယ်။

စစ်ကောင်စီဩဇာခံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားတဲ့ ကျောင်းအပ်ခထဲမှာ တနှစ်စာကျောင်းစာအုပ်ဖိုးက‌အများဆုံးဖြစ်ပြီး မေဂျာအလိုက် ကျပ် ၇၀,၀၀၀ ကနေ ၇၅,၀၀၀ အထိ ပေးဝယ်ယူနေကြရတာ ဖြစ်ပါတယ်။

အာဏာမသိမ်းခင်က တနှစ်စာကျောင်းအပ်ခဟာ ကျပ် ၁၆,၀၀၀ ပဲရှိပြီး အဲဒီထဲမှာ စာအုပ်ဖိုးကတော့ ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်လောက်ပဲရှိသလို ကျောင်းအပ်နှံတာနဲ့ စာအုပ်တခါတည်းရတယ်လို့ တောင်ဥက္ကလာပနေ ကျောင်းသူတယောက်က ပြောပါတယ်။

“ကိုဗစ်ကတည်းကနားထားပြီး ဒီနှစ်မှ ပြန်အပ်တာ။ UAB ဘဏ်ကနေ ငွေသွင်းပေးရတယ်။ အပြင်ကနေမအပ်ရတော့ ကျောင်းသားရေးရာမှာ ဟိုကြေးဒီကြေးတော့ ထပ်မကုန်ပါဘူး။ ဒီနှစ်က ၉ သောင်းကျော်ကုန်တယ်။ အဆောင် ၂၇ မှာ စာအုပ်တော့ ထုတ်မပေးသေးဘူး”

ဖတ်စာအုပ်တွေ ထုတ်မပေးသလို ကျောင်းသုံးစာစဉ်(assignment) ကိုယ်စားရေးခဟာလည်း ၂၀၂၄ ပညာသင်နှစ်နဲ့နှိုင်းယှဉ်ရင် ၃ ဆလောက်ဈေးကြီးလာပြီး အဝေးသင်ကျူရှင်ကြေးကလည်း တနှစ်စာအတွက် ကျပ် ၂ သိန်းခွဲကနေ ၄ သိန်းကြားအထိ ဖြစ်လာနေပါတယ်။

အဝေးသင်ဌာန စာရေးမတယောက်က “ဖတ်စာအုပ်က မေဂျာအလိုက်ကို ပထမနှစ်၊ ဒုတိယနှစ်က ၂‌၀၀ တသုတ်ပဲ ချပေးတာ။ တတိယနှစ်နဲ့ ဖိုင်နယ်ဆို တသုတ်ကို ၁၀၀ လောက်ပဲ ပေးတော့တာ။ ဒီနှစ်ရော မနှစ်ကရော ကျောင်းသားကမေဂျာတတန်းမှာ အနည်းဆုံး ၅၀၀ ကျော်တယ်။ တချို့လည်း ဖုန်းနံပါတ်ယူသွားတယ်။ ရပြီ ပြန်ပြောပေးမှ လာထုတ်တယ်။ တချို့လည်း ကျူရှင်ကပေးတဲ့ဟာပဲ ကျက်ပြီး ဖြေတာ။ စာအုပ်တောင်လာမထုတ်ဘူး”လို့ ပြောပါတယ်

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရှောင်ပြည်တွင်းနေလူငယ်တချို့ဟာ တက္ကသိုလ်ပြန်တက်လာကြသလို စစ်ကောင်စီခေတ်မှာ အထက်တန်းကျောင်းတွေကနေ တက္ကသိုလ်ဝင်ခွင့် အောင်မြင်လာသူတွေဟာလည်း အဆင့်မြင့်ပညာရေးအတွက် ကျောင်းအပ်လာကြတယ်လို့ သိရပါတယ်။

၂၀၂၅ ပညာသင်နှစ်ကစလို့ သင်ရိုးအနည်းငယ်‌ပြောင်းထားတာ‌ကြောင့် အရင်နှစ်တွေရဲ့ အဝေးသင်သုံးစာအုပ်တွေကို ပြန်သုံးခွင့်မရတော့ဘဲ ကျောင်းအပ်ချိန်တွေမှာ ပြေစာအတိုင်း စာအုပ်တွေကိုပါ ဈေးကြီးပေးဝယ်ယူနေရတာ ဖြစ်ပါတယ်။

အာဏာသိမ်းခါစ CDM လှုပ်ရှားမှုတွေကြောင့် ၂၀၂၁-၂၂ ပညာသင်နှစ်မှာ အဝေးသင်အပ်နှံသူ တဘာသာကို ကျောင်းသား ၁၀၀ ကနေ ၂၀၀ ဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ ၂၀၂၄ အဝေးသင်ပညာသင်နှစ်ကစလို့ ဒဂုံတက္ကသိုလ်မှာ အထူးပြုမေဂျာအလိုက် ပထမနှစ်အပ်သူတွေဟာ တဘာသာကို ၅၀၀ ကျော်အထိ ပြန်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013