Home
မြန်မာသတင်း
ပွင့်ဖြူတွင် ဒေသခံသောင်းချီ စစ်ရှောင်နေရပြီး မိုင်းနင်းသေဆုံးသူ ၆ ဦးရှိလာ
DVB
·
February 15, 2025
Photo-တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကြား ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာကြောင့် သောင်းချီတဲ့ဒေသခံတွေ ထွက်ပြေးနေကြရပြီး မြေမြှုပ်မိုင်းတွေနင်းမိလို့ ပြည်သူ ၆ ယောက်သေဆုံးခဲ့ရပါတယ်။

မင်းဘူးခရိုင်၊ အမှတ် ၇ တပ်ရင်းရဲ့ ဒု တပ်ရင်းမှူး ကိုဆံရှည် က “တိုက်ပွဲတွေကတော့ နေ့တိုင်းလောက်နီးပါး ဖြစ်နေတယ်ဗျ။ ပွင့်ဖြူမြို့နယ်တင်မကဘူး။ ပွင့်ဖြူမြို့နယ်နဲ့ နယ်မြေချင်းထိနေတဲ့ ငဖဲနဲ့ စလင်းမြို့နယ်အစပ်တွေမှာလည်း အခုရက်ပိုင်း တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေတယ်။ သူတို့ဘက်ကလည်း ဒီဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေတာတွေရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဒဲရွာနဲ့ အင်းကုန်းရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်ကအထိနာပြီးတော့ မဒဲရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ လေယာဉ်တွေအပြင် စက်တပ်လေထီးတွေနဲ့လည်း ဗုံးကြဲတာတွေဆက်တိုက်ရှိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၂၂၀ ကျော်ရှိတဲ့ မဒဲကျေးရွာကို ဖေဖော်ဝါရီ ၁ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ခဲ့ကြတဲ့ပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၀ ဝန်းကျင် အမျိုးသား ၁ ယောက်လည်းသေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၁ နာရီဝန်းကျင်ကလည်း မဒဲမြောက်ကျေးရွာကို လေယာဉ်နဲ့ဗုံး ၄ လုံး ထပ်မံကြဲချတိုက်ခိုက်သွားခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင်ကလည်း ပွင့်ဖြူမြို့နယ်ထဲက ရေရင်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်လို့ အသက် ၈၅ နှစ်အရွယ် အမျိုးသား ၁ ယောက်၊ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ယောက်တို့ သေဆုံးခဲ့သလို ခိုင်းနွား ၃ ကောင်လည်း သေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက် ၃ နာရီဝန်းကျင်ကလည်း အင်ဂျင်တပ်လေထီး‌ (Paramotor) နဲ့ ရေရင်ကျေးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့သလို မဲဇလီတံတားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အမည်မဖော်လိုတဲ့ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသားတယောက်က “ကျနော်တို့ ရွာတွေဘက်မှာ လူမရှိသလောက်ဖြစ်ကုန်ပြီ။ အခုလဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်တာ။ ကျနော်တို့ဘက်မှာက PDF ကို မကြောက်ရဘူး။ ကျနော်တို့ကြောက်ရတာက စစ်သား။ သူတို့စစ်သားက တွေ့ရာကိုဖျက်ဆီးပြီးမီးရှို့တာ။ လူတွေတွေ့ရင်လည်း ဖမ်းထားတယ်။ လေယာဉ်တွေနဲ့လည်းဗုံးကြဲတာ ကမ္ဘာပျက်မတတ်ပဲ။ အဲဒါတွေကြောင့်လေ အခု လဆန်းပိုင်းကတည်းက ပြေးလာရတာပေါ့။ တချို့လည်း တောလုပ်တောကိုင်လေးတွေမပြတ်သေးလို့ ကျန်နေခဲ့တဲ့သူတွေတော့ ရှိနေခဲ့သေးတာပေါ့ဗျာ” DVB ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မဒဲ၊ ကနီ၊ အင်းကုန်းနဲ့ မဲဇလီတံတားတို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပွင့်ဖြူမြို့နယ်ထဲက မဒဲ၊ ထိန်အိုင်၊ လယ်မ၊ ရေရင်၊ ဆည်တော်၊ ထန်းတောကြီး၊ ကျွဲခြံ၊ မဲဇလီ၊ မကျီးစု၊ ဖလံကျင်း၊ ညောင်ပင်ဝိုင်း၊ ကနီ၊ အင်းကုန်း၊ ထူးပေါက်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက သောင်းချီတဲ့ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာမှာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

ကျေးရွာတွေအတွင်း လယ်ယာလုပ်ငန်းခွင်တွေကြောင့် စစ်ဘေးမရှောင်နိုင်ဘဲ ကျန်ရစ်နေခဲ့ကြသူ တချို့ဟာလည်း နှစ်ဖက်တိုက်ပွဲတွေကြား မြေမြှုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ကြရတာတွေရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်း စစ်ဘေးရှောင်အရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေသူတယောက်က “ကျနော်တို့ စုဆောင်းထားတဲ့အချက်အလက်တွေအရပြောရရင်တော့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ လလယ်ပိုင်းအထိပေါ့၊ ပွင့်ဖြူမြို့နယ်ထဲက ဆည်တော်ရွာနဲ့ ဖလံကျင်းရွာက အမျိုးသားနဲ့ အမျိုးသမီး ပြည်သူ ၆ ယောက် မိုင်းနင်းမိလို့ အသက်ဆုံးရှုံးသွားခဲ့ကြတယ်” လို့ ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးခဲ့တဲ့လမ်းကြောင်းမှာလည်း မြေမြှုပ်မိုင်းတွေထောင်ထားခဲ့ကြတဲ့အတွက် ပြည်သူတွေမြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းစေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးတွေ ဆက်တိုက်ပြုလုပ်ပေးနေကြရတယ် လို့လည်း ပွင့်ဖြူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024