
ကရင်နီပြည်နယ်၊ ဘောလခဲမြို့ထဲကို စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ လုံခြုံရေးအတွက် ကြိုတင်ရှောင်ရှားထားကြဖို့ တော်လှန်ရေး အင်အားစုတွေက ဖေဖော်ဝါရီ ၂ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းတာ၊ ရိက္ခာနဲ့ ဆေးဝါးဖြည့်တင်းတာတွေ နေ့စဥ်ပြုလုပ်နေတဲ့အတွက် တော်လှန်ရေးအင်အားစုနဲ့ ထိတွေ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် အသိပေးတာလို့ ဆိုပါတယ်။
ကရင်နီတပ်မတော် (KA) ဗိုလ်မှူးကြီးဘုန်းနိုင်က “အဓိကတော့ ပြည်သူတွေ မထိခိုက်မိစေဖို့ပါပဲ။ စစ်ရေးအခြေအနေအရ အသေးစိတ်တွေကတော့ ပြောမရဘူးပေါ့။ အရင်ရက်ကလည်း ဘောလခဲခွင်ထဲ ဗုံးကြဲတာတွေ ရှိတယ်ပေါ့နော့” လို့ ပြောပါတယ်။
စစ်ရေးအရှိန်မြင့်လာတဲ့အတွက် ဘောလခဲမြို့အတွင်းက ပြည်သူတွေ မြို့အတွင်းကနေ ရှောင်ရှားကြဖို့၊ စစ်ကောင်စီတပ်စခန်းအနီး သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့၊ စစ်ကောင်စီ ထောက်တိုင်တွေနဲ့ မပတ်သက်ကြဖို့၊ Non CDM တွေနဲ့ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီယန္တရားလည်ပတ်အောင် ထောက်ပံ့မှု မပြုလုပ်ဖို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က ဘောလခဲမြို့နယ်အတွင်းမှာရှိတဲ့ စစ်စခန်းရှိရာနေရာတွေကို မြေပြင်ကနေ စစ်အင်အားဖြည့်တာတွေကို ပြုလုပ်နေပြီး ပြီးခဲ့တဲ့လတွေတုန်းကလည်း ဝေဟင်ကနေတဆင့် ရိက္ခာချပေးတာတွေ ပြုလုပ်ခဲ့တာပါ။
ဇန်နဝါရီ ၃၁ ရက်ကလည်း ဘောလခဲမြို့နယ်ထဲက ချိကွဲ့ကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။