
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး ဆရာဝန် ၁ ယောက် အပါအဝင် ကျန်းမာရေးဝန်ထမ်း ၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်၊ အမှတ် ၇ တပ်ရင်းရဲ့ ဒု တပ်ရင်းမှူး ကိုဆံရှည် က “တိုက်ပွဲတွေကတော့ နေ့တိုင်းလောက်နီးပါးဖြစ်နေတယ်ဗျ။ ပွင့်ဖြူမြို့နယ်တင်မကဘူး။ ပွင့်ဖြူမြို့နယ်နဲ့ နယ်မြေချင်းထိနေတဲ့ ငဖဲနဲ့ စလင်းမြို့နယ်အစပ်တွေမှာလည်း အခုရက်ပိုင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်။ သူတို့ဘက်ကလည်း ဒီဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေတာတွေ ရှိတယ်။ စစ်တပ်ကဖမ်းသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိတဲ့ ရှောက်တောရွာမှာလည်း တိုက်ပွဲကဖြစ်နေတယ်လေ။ ဒါပေမယ့်လည်း တိုက်ပွဲဖြစ်တာနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းခေါ်သွားတာနဲ့တော့ ဘာမှမဆိုင်ဘူးထင်တယ်။ ဓားစာခံအနေနဲ့ဖမ်းခေါ်တာလား။ ဒါမှမဟုတ်ရင် သူတို့တပ်ထဲက ဒဏ်ရာရတဲ့ကောင်တွေကို ဆေးကုပေးဖို့အတွက် ဖမ်းသွားတာလားဆိုတာတော့ မသိရသေးဘူး။ ဒီဘက်ကတိုက်ပွဲတွေမှာ သူတို့ဘက်က တော်တော်လေးတော့အထိနာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာက ဒေါက်တာကျော်ခိုင်ဦး၊ ချမ်းမြေ့ဆေးခန်းက ဆရာဝန် ၁ ယောက်နဲ့ ကျေးလက်ဆေးပေးခန်းက ကျန်းမာရေးဝန်ထမ်း ၅ ယောက် ကို ဇန်နဝါရီ ၃၀ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင် ခံရသူတွေထဲမှာ အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေပါဝင်နေတယ်လို့လည်း ဆိုပါတယ်။
မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုအညာသား က “ရှောက်တောရွာကို ကျနော်တို့ဘက်ကထိန်းချုပ်လိုက်နိုင်တဲ့အတွက် သူတို့စစ်တပ်ဘက်က ဆုတ်ပြေးသွားရင်း အဲဒီက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဓားစာခံအနေနဲ့ဖမ်းသွားတာဖြစ်နိုင်တယ်ဗျ။ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်ကကောင်တွေဖမ်းသွားတာ၊ ပွင့်ဖြူမြို့ပေါ်ကို ဖမ်းခေါ်သွားတယ်လို့တော့ ကနဦး သိထားရတယ်” လို့ DVB ကိုပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ ဖမ်းဆီးတာလည်းဖြစ်နိုင်ပြီး ကျေးရွာအတွင်းက ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ပျူစောထီးတွေနဲ့ သတင်းပေးပို့မှုတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း စလင်းမြို့နယ်ထဲက သရက်ခုန်ကျေးရွာနဲ့ ကျောက်စုကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက်ထက်မနည်း သေဆုံးသလို ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာက စစ်ကောင်စီရဲ့ တိုက်နယ်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက်လည်း ရဲစခန်းအဆောက်အအုံတချို့ မီးလောင်ပျက်စီးခဲ့ပြီးစစ်ကောင်စီလက်အောက်ခံတွေ ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းတလျှောက်က ရေလမ်းကြောင်းတွေအပါအဝင် ဆည်တော်-စံပြ မြောင်းဘောင်လမ်းတွေနဲ့ လယ်ယာစိုက်ခင်းတွေထဲကို လုံးဝ မသွားလာကြဖို့ တားမြစ်ထားတယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။