Home
နိုင်ငံတကာ
ဆလိုဗက်ကီးယားတွင် ဆရာဝန်များနုတ်ထွက်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်ကြုံ
DVB
·
December 31, 2024
Photo : CGTN

ဆလိုဗက်ကီးယားနိုင်ငံမှာ ဆင်းရဲချို့တဲ့တဲ့ လုပ်ငန်းခွင်အခြေအနေတွေ၊ ရန်ပုံငွေ မလုံလောက်တာတွေနဲ့ လစာနည်းတာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံထဲမှာ ဆရာဝန်တွေ တာဝန်ကနေ နုတ်ထွက်ကုန်လို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ဆိုးရွားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရအပေါ် မကျေမနပ် ဖြစ်တာတွေကြောင့် နှစ်သစ်ကူးအကြိုနေ့မှာ ဆရာဝန် အယောက် ၃,၀၀၀ ကျော် နုတ်ထွက်ဖို့ စီစဉ်ထားပါတယ်။

“ကျနော်တို့က အစိုးရကို ဆေးရုံတွေအတွက် ပိုက်ဆံပိုပေးစေချင်ပါတယ်။ ဒါမှ ဆေးရုံတွေက ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်မှာပါ” လို့ ဆေးဘက်ဆိုင်ရာသမဂ္ဂအဖွဲ့က ကိုယ်စားလှယ် မာတင် ယာခူဇီယာက ပြောပါတယ်။ အစိုးရက ကတိတွေကို ချိုးဖောက်တယ်လို့ ဆရာဝန်တွေက စွပ်စွဲထားပါတယ်။

၂၀၂၂ ခုနှစ်မှာ လုပ်ခလစာတိုးရေး၊ ပိုကောင်းတဲ့ လေ့ကျင့်ရေးနဲ့ ဆေးရုံအခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေး အာမခံချက်ပေးတဲ့ အချက် ၁၃ ချက်ကို ဆရာဝန်သမဂ္ဂနဲ့ အစိုးရတို့ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမဲ့ အဲဒီကတိတွေကို စွန့်လွှတ်လိုက်ပြီလို့ ကျန်းမာရေးစောင့်ရှောက်မှု ဘောဂဗေဒပညာရှင် မာတင် အဲ့စ်မေတာနာက ပြောပါတယ်။

အစိုးရဆေးရုံတွေမှာ ဝန်ထမ်းအင်အား ပြတ်လပ်နေပြီး ဆရာဝန်အသစ် ၂၀ ရာခိုင်နှုန်းနီးပါးဟာ ဘွဲ့ရပြီးတာနဲ့ နိုင်ငံရပ်ခြားမှာ လစာပိုကောင်းလာဖို့ ရွေးချယ်ကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဆလိုဗက် အစိုးရက တင်းမာမှုတွေ ဖြေလျှော့ဖို့ မကြာသေးမီက လစာတိုးပေးဖို့ အတည်ပြုခဲ့ပါတယ်။

သူနာပြုတွေအတွက် လစာတိုးပေးပေမဲ့ ဆရာဝန်တွေကို မတိုးပေးလို့ သစ္စာဖောက်ခံရတယ်လို့ ခံစားခဲ့ရပြီး ဇယားပေါ်က ၆ ဒသမ ၄ ရာခိုင်နှုန်းအစား ၂၀၂၂ မှာ ကတိပြုထားတဲ့ လစာကို ၉ ဒသမ ၇ ရာခိုင်နှုန်း တိုးပေးဖို့ ဆရာဝန်တွေက တောင်းဆိုနေကြပါတယ်။

ဥရောပသမဂ္ဂရဲ့ ဘတ်ဂျက်လိုအပ်ချက်တွေနဲ့အညီ ကုန်ကျစရိတ်ဖြတ်တောက်ဖို့ လိုတယ်လို့ ဆလိုဗက်ကီးယားအစိုးရက စောဒကတက်ပေမဲ့ ပြဿနာက လစာထက်ကျော်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ရန်ပုံငွေ မလုံလောက်တဲ့ အစိုးရဆေးရုံတွေမှာ အချိန်ပို အလုပ်ဆင်းနေရပြီး ၂၀၂၂ ခုနှစ် သဘောတူညီချက်ရကတည်းက ခေတ်မမီတော့တဲ့ စက်ကိရိယာတွေနဲ့ အခြေအနေတွေက ပိုဆိုးလာနေတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။

မျက်မြင်အငြင်းပွားမှုကို အဆုံးမသတ်ဘဲ အစိုးရက ဆရာဝန်တွေကို အပြင်းအထန် ဖိအားပေးခဲ့ပြီး ဆန္ဒပြတဲ့အတွက် ထောင်ဒဏ် တနှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့ လူနာတွေ ကြားညပ် ပိတ်မိနေခဲ့တယ်။

“ဆလိုဗက်ကီးယားမှာ ကျန်းမာရေးစောင့်ရှောက်မှုက ဆိုးရွားနေတာကြောင့် ဆရာဝန်တွေကို ကျနော် ထောက်ခံပါတယ်။ ကျနော်တို့မှာ ခုတင်နည်းနည်း၊ စက်ပစ္စည်းအဟောင်းတွေနဲ့ အချိန်အကြာကြီး စောင့်ရတဲ့ အချိန်တွေ ရှိပါတယ်” လို့ လူနာတယောက်က ပြောပါတယ်။

အစိုးရနဲ့ ဆရာဝန်တွေအကြား ညှိနှိုင်းမှုတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။

နုတ်ထွက်စာတင်ပြီးသွားရင် ဆလိုဗက်ကီးယားနိုင်ငံက ဆေးရုံတွေမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် အယောက် ၆,၀၀၀ ရဲ့ ထက်ဝက်ကျော် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013