
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူး(တောင်)ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က မိုင်းပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။
ဒေသခံတယောက်က “၁၀ နှစ်အရွယ် ၄ တန်းကျောင်းသူမလေးပါ။ အိမ်ထဲမှာပဲ ကစားရင်းနဲ့ မိုင်းကွဲတာပါ။ အခုတော့ စလင်းဆေးရုံမှာပါ။ ရတဲ့ဒဏ်ရာကတော့ တကိုယ်လုံးအနှံ့ပဲ။ စိုးရိမ်ရတဲ့အနေအထား ရှိပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဆင်လူး(တောင်)ကျေးရွာဟာ ပျူစောထီးတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတခုဖြစ်ပြီး ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်ရဲ့ဖခင်ဟာလည်း ပျူစောထီးအဖွဲ့ဝင်တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အဲဒီရွာက ပျူစောထီးရွာဖြစ်သလို ဒီကလေးမလေးရဲ့အဖေက ကိုသောင်းဌေးတဲ့။ သူကလည်း ပျူပဲ။ သူ့အိမ်ထဲမှာကို ဘန်ကာတွေ ကတုတ်ကျင်းတွေ တူးထားတယ်။ ရွာပတ်ဝန်းကျင်မှာလည်း ဗုံးထောင်တာတွေ ဘာတွေကို ပျူသောင်းဌေးတို့ပဲ လုပ်ကြရတာ။ အဲဒီတော့ သူ့အိမ်က ဗုံးနဲ့မကင်းဘူးဆိုတာ ပေါ်လွင်ပါတယ်။ အခု သူ့သမီးဆော့လို့ ဗုံးကွဲတဲ့နေရာကလည်း သူ့အိမ်တောင်ဘက်မှာပါ။ သူတို့ရွာက ပျူအင်အားကတော့ ၂၀၀ ဝန်းကျင်လောက်ရှိမယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆင်လူးကျေးရွာကို ရောက်ရှိလာကြပြီး PDF ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းလွှင့်ထားတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကလည်း စလင်းမြို့နယ်၊ ကဒန်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာခံအမျိုးသားတယောက် သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။