Home
မြန်မာသတင်း
အမြန်လမ်းက စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ ပွင့်ဖြူတွင် စစ်သားအချင်းချင်းပစ်ခတ်ပြီး ၁ ဦးသေ
DVB
·
December 14, 2024
Photo-ဒေသခံ
Photo-Natogyi People Defence Force

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကုန်းနယ်မြေ ရဲစခန်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၁ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် ၃၁၉ က တဇောက်ချောင်းတံတားရဲကင်းစခန်း စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၄ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Natogyi People Defence Force (မြင်းခြံခရိုင်အမှတ် ၄ နဲ့ အမှတ် ၁၀) တပ်ရင်းမှူးက “အဲဒီ တဇောက်ချောင်းတံတားရဲကင်းစခန်းကို ကျနော်တို့ဘက်က ဒရုန်းနဲ့ဗုံးကြဲပြီး မြေပြင်ကနေလည်း သူတို့ဘန်ကာနားအထိရောက်အောင်သွားပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မှုကတော့ ၁ နာရီနီးပါးလောက်ကြာခဲ့တယ်။ သူတို့ဘက်က စစ်ကူတွေရောက်လာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ စခန်းမသိမ်းနိုင်ခဲ့ဘူးပေါ့ဗျာ။ သူတို့ဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးဘူး။ တိုက်ပွဲပြီးတော့ နာရေးကားနဲ့ လူနာတင်ကား ၂ စီးရောက်လာပြီးတော့ ဂိတ်ထဲကကောင်တွေကို တင်သွားတယ်။ ပြီးတော့ မိတ္ထီလာဘက်ကို မောင်းသွားတာ တွေ့လိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force (မြင်းခြံခရိုင်အမှတ် ၄၊ ၁၀) တပ်ရင်းက ရဲဘော်တွေနဲ့အတူ Myingyan District Drone Strike (MDDS) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း Natogyi People Defence Force (မြင်းခြံခရိုင်အမှတ် ၄၊ ၁၀) တပ်ရင်းတွေကရဲဘော်တွေဟာ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရဲစခန်းကို Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲစခန်းခေါင်မိုးပွင့်ထွက်သွားပြီး ရဲစခန်းအဆောက်အအုံတချို့ ပျက်စီးသွားခဲ့ ပါသေးတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကုန်းနယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁ ယောက် သေဆုံးခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ည ၁ နာရီလောက်မှာ ရဲစခန်းဘက်က သေနတ်သံတွေ ကြားခဲ့ရတာ။ မိုးလင်းတော့မှ သူတို့အချင်းချင်းပစ်တယ်ဆိုတာသိရတာလေ။ မနက် ၇ နာရီလောက်မှ ရဲစခန်းထဲကို နာရေးကား ၁ စီး ဝင်သွားပြီး အလောင်းလာသယ်သွားတာ” လို့ ပြောပါတယ်။

မဲဇလီကုန်းနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၄၀ နီးပါး ရှိတယ်လို့လည်း သိရပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတို့ဘက်က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့အချင်းချင်းပစ်တာဆိုတာ ဖုံးကွယ်ထားပေမယ့် အဲဒီကိစ္စကမှန်ပါတယ်။ ရဲအချင်းချင်းဖြစ်ကြတာ မဟုတ်ဘူး။ စစ်သားအချင်းချင်း မူးပြီးစကားများရင်းက ပစ်ကြခတ်ကြတာလို့ အတွင်းထဲကနေ သတင်းပို့ထားတာရှိပါတယ်။ PDF တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာမဟုတ်ပါဘူး။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတော့ မိုးလင်းတော့မှ ဝါစိုက်ပျိုးရေးတပ်က ဗိုလ်မှူးမင်းပိုင်စိုး ဆိုတဲ့ကောင်နဲ့ ကျောင်းကုန်းကြီးပျူရွာက ပျူတွေ ရဲစခန်းထဲကိုရောက်လာပြီးမှ အလောင်းကို နာရေးကားနဲ့ လာသယ်သွားတာပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ပွင့်ဖြူမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုသူမရှိပါဘူး။

မဲဇလီကုန်းနယ်မြေရဲစခန်းက ရဲတပ်သား ၁ ယောက်ဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က လက်နက်ယူဆောင်ပြီး ထွက်ပြေးခဲ့တယ်လို့လည်း နီးစပ်သူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013