
မန္တလေးတိုင်း၊ မိတ္ထီလာ-တောင်သာလမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၃၁ ရက် မနက် ၈ နာရီခွဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသလို ဆိုင်ကယ် ကယ်ရီသမားတယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရုံးစည်ကြီးနယ်မြေရဲစခန်းက ရဲတွေ အများဆုံးနေတဲ့ ဂိတ်ပါ။ ၁၀ ယောက်ကျော်တော့ ရှိလိမ့်မယ်။ အဲဒီဂိတ်ကို ရှောင်တခင် ဝင်ပစ်ခဲ့တာပါ။ ပစ်ပြီး ပြန်ဆုတ်လာတော့ အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အခုတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ဂိတ်အနီး ဆိုင်ကယ် ကယ်ရီဆွဲနေသူတယောက် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရဲ ၂ ယောက်သေတာ ဟုတ်တယ်။ အဲဒီနားမှာရှိတဲ့ ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မြင့်ကတော့ ရဲဂိတ်က ပစ်လိုက်တာလား၊ PDF က ပစ်လိုက်တာလား ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မြင့်ဟာ စစ်ကောင်စီတပ်ရဲ့ သတင်းပေးတယောက်ဖြစ်ပြီး ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ထိမှန်ပြီး သေဆုံးရတာဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အခုတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာပကဖ၊ စဥ့်ကိုင်ပကဖ၊ တောင်သာပလဖ၊ ကျောက်ပန်းတောင်း ပကဖနဲ့ ညောင်ဦးခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ သြဂုတ် ၁၀ ရက်က စတင်ခဲ့တဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ် မနေကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။