မကွေးတိုင်း၊ နတ်မောက်မြို့မှာ အောက်တိုဘာ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်က PDF တွေကို စိန်ခေါ်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတယောက် ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မြို့ခံတယောက်က “သူက စစ်တပ်ကထွက်ထားတာ ကြာပြီ။ ဟိုအရင်ခတ်တုန်းကတော့ သတင်းထောက် လုပ်စားတယ်။ သတင်းထောက်ဘန်းပြပြီး သစ်ကားတွေ၊ လောင်းကစားဒိုင်တွေဆီကနေ တောင်းစားတာပေါ့။ မြွေဟောက်က စစ်သားသစ်တွေ စုဆောင်းနေလို့ နာမည်ကြီးနေတာ ကြာပြီ။ အမှန်အတိုင်းပြောရရင်တော့ မြို့အပေါ်မှာ ကောင်းတဲ့လူတယောက် မဟုတ်ပါဘူး။ နတ်မောက်မြို့ပေါ်က လူတိုင်းသိတယ်။ ငါမသေဘူး ရေကူးတတ်တယ် ဆိုတဲ့စကားကို အမြဲတမ်း ပြောတတ်တဲ့သူ၊ အခုတော့ သွားရှာပြီ။ သူအပစ်ခံရတာက နတ်မောက်လမ်းဆုံနားမှာ ရဲစခန်းနဲ့ဆို ဘာမှမဝေးတာမဟုတ်ဘူး” လို့ DVB ကို ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၅၃ နှစ်အရွယ် စစ်မှုထမ်းဟောင်း၊ မှုခင်းသတင်းထောက်ဟောင်း၊ ပျူစောထီး ကိုဇော်ဝင်း (ခေါ်) နတ်မောက်သား မြွေဟောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ပျူစောထီး ကိုဇော်ဝင်း (ခေါ်) နတ်မောက်သား မြွေဟောက်ဟာ နတ်မောက်ရဲစခန်းအနီးမှာ ကျက်စားလေ့ရှိပြီး ပြီးခဲ့တဲ့လပိုင်းက လူမှုကွန်ရက်စာမျက်မှာနဲ့ TikTok တွေကနေ PDF ကို စိန်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
People's Defence Organization Natmauk ရဲ့ တာဝန်ခံတယောက်က “အဲဒီကောင်က စစ်ကောင်စီရဲ့ အကြီးစားထောက်တိုင် လုပ်ပေးနေတာ။ ပြည်သူအပေါ်ကို သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျနော်တို့မှာ မှတ်တမ်းတွေရှိတယ်။ တပ်ထွက်ဆိုတော့ အခုခေတ်မှာ စစ်တပ်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ကောင်ပါ။ PDF တွေကိုလည်း လိုင်းပေါ်ကနေ စိန်ခေါ်ခဲ့လို့ သူ့ကို ချောင်းနေတာကြပြီ။ အရင် ၃ နှစ်လောက်ကလည်း သူ့ကားကို စောင့်ပစ်ခဲ့တာ မသေဘူး။ အခုတော့ သွားရှာပြီ ငရဲကို” လို့ ပြောပါတယ်။
စစ်ကောင်စီကို လိုင်းကြေးတွေပေးပြီး ထောက်တိုင်သဖွယ် ပြုလုပ်နေကြတဲ့ နတ်မောက်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် လောင်းကစားသမားနဲ့ စစ်ကောင်စီ လက်အောက်ခံတွေကိုလည်း ဆက်လက်ရှင်းလင်း ချေမှုန်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။
အခုပစ်ခတ်မှုကို People's Defence Organization Natmauk နဲ့အတူ နတ်မောက်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။