မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမှာ ရွှေစင်စကြာ် ခရီးသည်တင်မှန်လုံယာဉ်တစီး အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ပစ်ခတ်ခံရပြီး ယာဥ်ပေါ်ပါ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ရန်ကုန်မြို့ကို ထွက်လာတဲ့ ရွှေစင်စကြာ် ခရီးသည်တင် မှန်လုံယာဉ်တစီး မနေ့ အောက်တိုဘာ ၇ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်က အေးကမ္ဘာကျေးရွာအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ယာဥ်လိုင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကားက မြိတ်မြို့ကနေ ရန်ကုန်ကိုသွားတဲ့ကားပါ။ ကားပေါ်မှာလည်း ခရီးသည် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးပဲ ပါတာ။ ကျန်တာက ကုန်ပစ္စည်းတွေ တင်ဆောင်သွားတာ။”
ခရီးသည်တင်ယာဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်နေ အသက် ၃၀ အရွယ် ဒေါ်နွယ်ရီလင်းမှာ ဝဲဘက်ပေါင်ရင်း လက်နက်ငယ် ကျည်တချက် ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ထားကြောင်း သိရပါတယ်။
ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ နယ်ခံ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပေမဲ့ စစ်ကောင်စီဝါဒဖြန့် သတင်းချန်နယ်တွေမှာတော့ KNU/PDF အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မော်တော်ယာဥ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်း မရှိတဲ့အတွက် လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖော်ပြရေးသားထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝအနီး သံဖြူဇရပ်-ရေးလမ်းပိုင်းမှာ ကွန်တိန်နာယာဉ်တစီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းတယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။