Home
မြန်မာသတင်း
သံဖြူဇရပ်အခြေစိုက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ အပါအဝင် အသင်းဝင် ၅ ဦး ဖမ်းဆီးခံရ
DVB
·
September 20, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ အပါအဝင် အသင်းဝင် ၅ ယောက်ကို စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် ညက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။

သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းရုံးမှာ စက်တင်ဘာ ၁၈ ရက် ည ၉ နာရီလောက်က အသင်းဥက္ကဋ္ဌ ဦးရဲမင်းထိုက် အပါအဝင် အသင်းဝင် ၅ ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အသင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဘာကြောင့်ဖမ်းလဲဆိုတာကို တမြို့လုံးက သိချင်နေကြတာ။ ညပိုင်းကြီး ရုံးကို အဖွဲ့စုံ ရောက်ချလာပြီး ဖမ်းခေါ်သွားတာ။ ဝဲကလိရွာက အမှတ် ၄ တပ်မတော်တန်းမြင့် သင်တန်းကျောင်းမှာ ဒီနေ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ စစ်ဆေးနေတုန်းပဲ။ သူတို့ရဲ့ လက်သုံးစကားက PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြောမယ်လို့ထင်တယ်။”

စစ်ကောင်စီအနေနဲ့ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ၊ ရှေ့နေတွေ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ သာမန်အရပ်သားပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်တာ၊ သတင်းပေးတာအပြင် ထောက်ပံ့တာတွေ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်လာနေကြောင်း ဒေသခံတွေကြား ဝေဖန်ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာ ၂ ရက်ရှိပြီ။ ဒီနေ့အထိ ဘာမှ အဆက်အသွယ်လည်း မရဘူး။ စိတ်ပူတာပေါ့။ ပြီးတော့ ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ သောက်နေကျဆေးက မပါသွားတော့ ပေးဖို့နေနေသာသာ တွေ့လို့တောင်မရဘူး” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အသင်းဝင် ၅ ယောက်ကို စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၅၈၈ က ဖမ်းဆီးခဲ့ပြီးနောက် တပတ်အကြာမှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းမှုကာလ ၁,၃၂၇ ရက်အတွင်း မွန်ပြည်နယ်မှာ ကျဆုံးသူ ၇၂ ယောက်အထိ ရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ ၈၀၀ ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ ၂၀၀ ကျော် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ‌ေစာင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စက်တင်ဘာ ၁၉ ရက်အထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013