Home
မြန်မာသတင်း
သံဖြူဇရပ်၌ စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၇ ဦးသေ၊ စစ်တပ်လက်နက်ကြီးကြောင့် ခြံလုပ်သား ၁ ဦးသေဆုံး
DVB
·
August 19, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ပြောပါတယ်။

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီးမှာ အင်အား ၁၃၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၁၈ ရက် မနက် ၉ နာရီလောက်က တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

တောင်ညိုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီးမှာ ခဏနားနေတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ။ တခြားလက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ မရှိပါဘူး။ သူတို့ ၇ ဦးကျတာကို ဘယ်လိုသိတာလဲဆိုရင် အလောင်းတွေကို ရွာထဲယူလာလို့ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာ ရှိနိုင်ပေမဲ့ စုံစမ်းလို့ မရသေးဘူး။ စစ်ကြောင်းက ခုထိရှိနေတုန်းပါပဲ၊ မထွက်သေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ၁၂၀ မမ၊ ၁၅၅ မမတို့နဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် လွတ်ရှမ်း၊ ဇီးနှစ်ပင်နဲ့ ရဲတံခွန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အရပ်သားထိခိုက်မှု မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း သံဖြူဇရပ် ဘုရားကုန်းအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရော်ဘာခြံလုပ်သားတဦး သေဆုံးပြီး မိသားစုဝင် ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

သံဖြူဇရပ်မြို့အခြေစိုက် အမတ ၃၁၅ က ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီလောက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၅ လုံးဟာ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာအနီးမှာရှိတဲ့ ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၅၀ အရွယ် ရော်ဘာခြံအလုပ်သမား ဦးအောင်မြင့် နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် မောင်ဝေယံရှိုင်း၊ အသက် ၁၃ နှစ်အရွယ် မမေမြတ်နိုး၊ အသက် ၁၆ နှစ်အရွယ် မဝတ်မှုံဇင်၊ အသက် ၃၂ နှစ်အရွယ် နိုင်လင်းဝေနဲ့ အသက် ၃၆ နှစ်အရွယ် မဖြူဖြူဝင်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ရွာခံတဦးက “ရဲတံခွန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တော့ ၃၁၅ အမြောက်တပ်က လက်နက်ကြီးနဲ့ လိုက်မှန်းပြီးပစ်တာ၊ ရွာနားက ရော်ဘာခြံထဲကျတာ။ ရော်ဘာခြံထဲက အလုပ်သမားကတော့ ပွဲချင်းပြီး သေသွားတယ်။ သူ့မိသားစုတွေက ဒဏ်ရာအပြင်းအထန် ရတယ်။ လက်နက်ကြီးက ၁၇ ရက်နေ့ထိတောင် ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကို ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို ထပ်မံပို့ဆောင်ခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် ဘုရားကုန်းနားမှာ အင်အား ၁၃၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013