တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှာ စုဝေးနေတဲ့ ပျူစောထီးတွေကို ဝင်ရောက်စီးနင်းပစ်ခတ်ရာ ပျူစောထီးအဖွဲ့ဝင်တယောက်ရဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သြဂုတ် ၂၂ ရက်က ကျော်နီမော်ရွာထဲမှာ စုဝေးဖို့လုပ်နေကြတဲ့ ပျူခေါင်းဆောင် စိုးသန်း အပါအဝင် အဖွဲ့ဝင်တချို့ကို ဝင်ရောက်စီးနင်းပစ်ခတ်ရာ ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် ပျူခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ အကုန်ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ပြောပါတယ်။
လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “အင်အားက ၆ ယောက်လောက် ရှိပါတယ်။ သူတို့စုရပ်လုပ်တဲ့ နေရာမှာပါ။ အဲဒီနေရာကို ပထမဆုံးဝင်ဝိုင်းတာ သူတို့အရင်မြင်ပြီး အကုန်လုံး ထွက်ပြေးလွတ်မြောက်သွားတယ်။ နေရာက ကျောက်နီမော်ရွာထဲမှာပဲ” လို့ ပြောပါတယ်။
အဲဒီနောက် ရွာမြစ်ကမ်းဘေးမှာရှိနေတဲ့ ပျူစောထီးအဖွဲ့ဝင် ကြယ်ဖြူ ဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပျူအဖွဲ့ဝင် ကြယ်ဖြူမှာ နေအိမ်ကနေ ထွက်ပြေးပြီး ရေထဲခုန်ဆင်းကာ လွတ်မြောက်သွားကြောင်း ပြောပါတယ်။
အခင်းဖြစ်ပွားချိန်တုန်းက နေအိမ်အတွင်းမှာ ပျူစောထီးအဖွဲ့ဝင် ကြယ်ဖြူရဲ့ ဇနီးဖြစ်သူပါ အတူရှိနေတယ်လို့ သိရပြီး ပစ်ခတ်မှုအတွင်းမှာပဲ အဆိုပါအမျိုးသမီး သေဆုံးခဲ့တာလို့ ပြောပါတယ်။
“သူ့အမျိုးသမီးပါ အိမ်ထဲရှိနေချိန်ပါ။ သူကတော့ အိမ်ပေါ်ကခုန်ချပြီး တနေရာကနေ ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေးသွားတာဖြစ်တယ်။ ကျနော်တို့ကို ပြန်ပစ်တဲ့အချိန် အပြန်လှန် ပစ်ခတ်မှုဖြစ်ပြီး သူ့အမျိုးသမီး သေသွားတယ်။ ကျနော်တို့လည်း အဲဒီ ကြယ်ဖြူအိမ်ကို မီးရှို့ရှင်းလင်းခဲ့တယ်။”
ဆက်လက်ပြီး ပြန်ကြားရေးတာဝန်ခံက “သူ့အမျိုးသမီးကတော့ လက်နက်မပါဘူး။ သူ့အမျိုးသမီးက ပျူအဖွဲ့ဝင်တဦး ဖြစ်တယ်။ ပျူစခန်းမှာ အဓိက အထောက်ကူပြုနေသူထဲ ပါတယ်။ ကြယ်ဖြူက ညောပြင်ရွာကို စစ်ကြောင်းဝင်ပြီး တရွာလုံးကို ဖျက်ဆီးသွားတဲ့အချိန်တုန်းက ရန်သူစစ်ကြောင်းနဲ့အတူ ထိပ်ဆုံးက ပါဝင်သူဖြစ်တယ်” လို့ ပြောပါတယ်။
ကြယ်ဖြူ ထွက်ပြေးလွတ်မြောက်ပြီး မကြာခင်မှာဘဲ ကျောက်နီမော်ရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကနေ လက်နက်ကြီးတွေနဲ့ ရွာထဲပစ်ခတ်ခဲ့တယ်လို့ သိရပြီး အရပ်သား ပြည်သူတွေ အထိအခိုက်မရှိခဲ့ကြောင်း ပြောပါတယ်။
ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ပြီးနောက်မှာ ပျုစောထီးအဖွဲ့ဝင် ကြယ်ဖြူရဲ့ နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုနှစ် ဇွန် ၁ဝ ရက်ကလည်း ပျူစောထီးခေါင်းဆောင် စိုးသန်းရဲ့ နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းစဉ်မှာလည်း ပျူခေါင်းဆောင် စိုးသန်းနဲ့ အဖွဲ့ဝင်တွေ လွတ်မြောက်သွားတယ်လို့ သိရပြီး ကျန်ခဲ့တဲ့ ကားတစီး၊ ပစ္စတိုတလက်နဲ့ သူ့ရဲ့ဖုန်း အပါအဝင် တခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိကြောင်း သိရပါတယ်။
ကျောက်နီမော်ရွာမှာဖြစ်ခဲ့တဲ့ ဝင်ရောက်စီးနင်းမှုမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိပ်ပြာတပ်စု၊ ဂဠုန်တပ်စုနဲ့ ကင်းမြီးကောက် ပြောက်ကျားတပ်စုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။