Home
မြန်မာသတင်း
ကျွန်းစုနှင့်ပန်းတနော်တွင် ပျူစောထီးခေါင်းဆောင် ၂ ဦး၊ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
August 20, 2024
Photo Crd-MMK - Ye Ko

စစ်မှုထမ်းခိုင်းဖို့အတွက် လူသစ်လိုက်လံစုဆောင်းနေတဲ့ ကျွန်းစုမြို့နယ်က ပျူစောထီးခေါင်းဆောင် ၂ ယောက်ကို သြဂုတ် ၁၉ ရက် ညနေ ၆ နာရီလောက်က ရွာမှာ သွားရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ယောက်စလုံး သေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးရွာမှာ ပျူစောထီးခေါင်းဆောင် နောင်မေး ဆိုသူနဲ့ တပည့်ဖြစ်သူ ကြယ်စင်အောင် တို့ကို ပြည်သူ့စစ်အဖွဲ့ဝင်သစ် စုဆောင်းနေတယ်လို့ သတင်းရတာကြောင့် နေအိမ်မှာရှိနေစဥ် သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ကျွန်းစုပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အစတည်းက နောင်မေး ဆိုသူက ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ကို ကြံနေတာက ကြာပြီ။ အခုက တိုင်ကြားချက်အရ အရင်က ဖုန်းနဲ့ အကြိမ်ကြိမ် သတိပေးခဲ့တယ်။ သွားဖမ်းတဲ့အခါမှာ အတည်ပြုပြီးမှ သွားဖမ်းတာပါ။ အဖမ်းမခံလို့ ကျနော်တို့ ပစ်ခတ်လိုက်ရတာပါ” လို့ ပြောပါတယ်။

ကျွန်းစုပကဖဘက်က သတိပေး ထုတ်ပြန်ထားတဲ့ကြားကနေ အခု သြဂုတ်လအတွင်းမှာပဲ နောင်မေးနဲ့ ကြယ်စင်အောင်တို့ဟာ စုဆောင်းထားတဲ့ လူသစ်တွေကို ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့အတွက် စေလွှတ်လိုက်တယ်လို့ ပကဖ ပြန်ကြားရေးဖြစ်သူက ဆက်ပြောပါတယ်။

“စည်းရုံးနေတာတော့ ကြာပြီ၊ ရွာက မနှစ်မြို့လို့ သဘောမတူဘူး၊ အဲတာ မဖြစ်မနေ သူတို့ကလုပ်တာ၊ တိုင်တန်းတာ အကြိမ်ကြိမ်ပဲ၊ အရင် အနီးအနားမှာ စစ်တပ်သင်္ဘော ရှိတယ်ဆိုတော့ သူတို့ကို ဖမ်းဆီးမရလို့ ပစ်ခတ်ပြီး ပြန်ဆုတ်လာရတယ်။ အလောင်းတွေကို ပန်းဇင်က ပျူစောထီးတွေ စပိဘုတ်နဲ့ လာသယ်သွားတယ်လို့ ကြားတယ်။”

ပျူစောထီးခေါင်းဆောင် နောင်မေးနဲ့ ကြယ်စင်အောင်တို့ကို နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် သူတို့ ၂ ‌ေယာက်ရဲ့ အလောင်းတွေကို နောက်တနေ့မှာ ပန်းဇင်ရွာက ပျူစောထီးတွေကနေ စပိဘုတ် အမြန်ယာဥ်နဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

အခုနှစ် မေ ၇ ရက်ကလည်း မဲတောကျေးရွာအုပ်စု၊ သဘောင်းတောင်ကျေးရွာမှာ ပျူစောထီးခေါင်းဆောင် တဖြစ်လဲ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျွန်းစုပကဖအဖွဲ့က သွားရောက်ဖမ်းဆီးစဥ် ဦးကျော်မြင့်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ပစ်သတ်ရှင်းလင်းလိုက်သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာအတွင်းမှာ အတင်းအဓမ္မ လူစုဆောင်းတာတွေ၊ ပြည်သူတွေဆီကနေ စစ်မှုထမ်း အကြောင်းပြပြီး ငွေကောက်ခံတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆက်လက်အရေးယူသွားမယ်လို့ ကျွန်းစုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြနုကျွန်းကျေးရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ အရပ်သား ၁၂ ယောက်ကို သြဂုတ် ၁၇ ရက်၊ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၅ ရက်က မြနုကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရပြီး အပြင်းအထန် ဒဏ်ရာရရှိလို့ ရွှေလောင်းမြို့ဆေးရုံကို တင်ပို့ချိန် သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်က အရပ်သား ဒေသခံ ၁၂ ယောက်ကို ရက်ဆက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရသူတချို့နဲ့ မိသားစုတော်စပ်သူက “ကိုယ့်တူလေး အပါအဝင် အဖမ်းခံရတာက ၁၂ ယောက်ပါ။ အဖမ်းခံရတာ အမျိုးသား လူငယ်တွေချည်းပဲ။ စစ်ကောင်စီတပ်က ဖမ်းတာ။ စစ်ဆေးဖို့ရှိလို့၊ ဘာကိစ္စလဲ ပြန်မမေးနဲ့၊ ဟိုရောက်ရင် သိလိမ့်မယ်ပြောပြီး ဆိုပြီး ဖမ်းသွားတာ။ ဦးသန့်ဇင်က စစ်ကောင်စီတပ် အားကိုးနဲ့ ပြည်သူတွေအပေါ် အမျိုးမျိုး စော်ကား မိုက်ရိုင်းနေတဲ့ အကောင်လေ” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အသက် ၂၀ နဲ့ ၃၀ အရွယ် လူငယ်တွေကို ဖမ်းထားတာ။ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆုံးသွားတဲ့ကိစ္စနဲ့ စွပ်စွဲဖမ်းတာပါ။ စစ်တပ်က တိုက်ရိုက် စစ်မေးနေတယ်လို့ သိရတယ်။ အုပ်ချုပ်ရေးမှူးကို ပစ်သတ်တဲ့ အဖွဲ့ကိုတော့ မသိသေးဘူး။ Mask တပ်ထားတဲ့ အမျိုးသား ၂ ယောက်က ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ စစ်ကောင်စီတပ်ဘက်က ပြောတယ်” လို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၂ ယောက်ကို ပန်းတနော်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးဆိုသူက စစ်ဆေးနေတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရတဲ့ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၁၈ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကားတွေနဲ့ စစ်သားတွေ လာချ တပ်စွဲထားလို့ ထပ်မံ ဖမ်းဆီးမှာကို စိုးရိမ်ပြီး အမျိုးသားလူငယ်တွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013