Home
မြန်မာသတင်း
ခမောက်ကြီးမြို့တွင် ခရစ်ယာန်သင်းအုပ်ဆရာ ၁ ဦး ပစ်ခတ်ခံရ
DVB
·
October 9, 2024

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအနီး သီဟိုဠ်ခြံတနေရာမှာ အောက်တိုဘာ ၉ ရက် မနက်က ဆိုင်ကယ်မောင်းနှင်လာတဲ့ ခရစ်ယာန်သင်းအုပ်ဆရာတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပစ်ခံရတဲ့ ခရစ်ယာန်သင်းအုပ်ဆရာဟာ အသက် ၄၀ အရွယ်ရှိ ဆိပ်ဖူးရွာက ဦးဇော်ဇော် ဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာစဥ် အနောက်ကနေ သေနတ်နဲ့ အပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတယောက်က “အ‌နောက်ကနေ ပစ်လိုက်တယ်။ တူမီးသေနတ် အမျိုးအစားနဲ့ပဲတဲ့။ အဲ့လမ်းက ကျဉ်းကျဉ်းလေးပဲ။ အ‌နောက်ကနေပစ်တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ဦးဇော်ဇော်ကို ပစ်ခတ်တာက PDFတွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပြီး ကိုးလုံးကျည်သေနတ်နဲ့ ပစ်ခတ်ခဲ့ကာ လက်မောင်း၊ ရင်ညွန့်နဲ့ ကျောဖက်တို့မှာ တချက်စီထိမှန်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အဆိုပါစစ်ကောင်စီတယ်လီချန်နယ်က ရေးသားဖော်ပြတာနဲ့ပတ်သက်ပြီး ကော့သောင်းပကဖအဖွဲ့ပြန်ကြားရေးတာဝန်ခံဖြစ်သူက အခုလို့ တုံ့ပြန် ပြောဆိုပါတယ်။

"နိင်ငံရေးနဲ့မသက်ဆိုင်တဲ့သူဆို စစ်ရေးပစ်မှတ်ထဲ မထည့်သွင်းပါဘူး၊ ထည့်သွင်းလို့လည်း မရပါဘူး။ ကျနော်တို့မှာလည်း စည်မျည်းစည်းကမ်းတွေ ပြစ်ဒဏ်တွေရှိပါတယ်။ ပြည်သူတွေ အကြောက်တရားနဲ့နေနေရတဲ့ကာလမှာ နိုင်ငံရေးနဲ့မဆိုင်ဘဲ ပြည်သူအချင်းချင်း ပြန်သတ်နေတဲ့ကိစ္စကို ကျနော်တို့အဖွဲ့ကလည်း ထိရောက်စွာ အရေးယူမှာဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ တာဝန်သိပြည်သူတွေအနေနဲ့ ကျနော်တို့အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ လို့ တိုက်တွန်းပါတယ်။” 

ဦးဇော်ဇော်ကို ဘယ်သူ ပစ်ခတ်ခဲ့တယ်ဆိုတာကို မသိရသေးဘဲ တရားခံဖြစ်သူကို ဖော်ထုတ်အရေးယူသွားမယ်လို့ ကော့သောင်းမြို့နယ်ပကဖအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာတော့ ကျည်ထိမှန်ဒဏ်ရာရတဲ့ ဦးဇော်ဇော်ကို ဆိပ်ဖူးရွာကနေတဆင့် ကော့သောင်းမြို့နယ် ၂ မိုင်ရွာက ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကလည်း ခမောက်ကြီးမြို့ အောင်ချမ်းသာရွာမှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024