Home
မြန်မာသတင်း
ကြံခင်းတွင် ရခိုင်စစ်ရှောင်မိသားစု ၇ ဦး ဖမ်းဆီးခံရ၊ ဝက်လက်မြို့ပေါ်က လူငယ် ၂၀ ပေါ်တာဆွဲခံရ
DVB
·
February 11, 2025

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ဘက်က ဝင်လာတဲ့ ရခိုင်စစ်ဘေးရှောင် မိသားစု ၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက ရခိုင်ရိုးမအစပ်မှာရှိတဲ့ ကြံခင်းမြို့နယ်ထဲကို စစ်ဘေးရှောင်မိသားစုတွေဆီ လိုက်လာတဲ့ ရခိုင်တိုင်းရင်းသား ၇ ယောက်ကို စစ်ကောင်စီတပ်က PDF တွေလို့ စွပ်စွဲကာ ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “ဒီဘက်မှာ မိသားစုတွေရှိလို့ ဝင်လာတာလို့ သိရတယ်။ ရခိုင်ပြည်နယ် ဂွမြို့နယ်က လာတာ။ အဖမ်းခံရတာ ၇ ယောက်။ စကစတပ်ကဘက်ကတော့ စစ်ရှောင်တွေမဟုတ်ဘူး၊ အကြမ်းဖက်သမားတွေဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရတဲ့ အရပ်သား ၇ ယောက်ထဲမှာ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက်ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ၂ ယောက်၊ အသက် ၂၀ ကျော်အရွယ် ၅ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူက “စစ်ဘေးရှောင်လို့ပြောတာ မရဘဲ စကစတပ်က ဖမ်းတာ။ ဘယ်ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းရဲ့ အစပ်မှာ အာရက္ခတပ်တော် AA နဲ့ စကစတပ် တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ဘေးရှောင်လာတဲ့ မိသားစုတွေဆီ လိုက်လာရင်း အဖမ်းခံရတာပါ။ လက်နက်ကိုင်အဖွဲ့တွေ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာ၊ ကင်းပုန်းဝပ်စောင့်တာ အပြင် စစ်ဆေးရေးဂိတ်တွေမှာပါ တိုးမြှင့်ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်မှာလည်း လူငယ် အမျိုးသား ၂၀ ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၈ ရက်မှာ ရပ်ကွက်နေအိမ်တွေကနေ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရွှေဘိုကို စစ်သင်တန်းပို့ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဝက်လက်မြို့ပေါ်က ရပ်ကွက် အမှတ် ၁၊ ၂ နဲ့ ၃ က အသက် ၂၀ နဲ့ ၃၀ ဝန်းကျင် အမျိုးသားတွေကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ တော်လှန်ရေးရဲဘော် ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

“၈ ရက်နေ့ညပိုင်းက စစ်မှုထမ်းဥပဒေအရ စာရင်းကောက်ထားသူတွေကော အခြားလူငယ်တွေကော စုစုပေါင်း ၂၀ လောက်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းပို့ဖို့ စီစဥ်နေတယ်။”

ဝက်လက်မြို့ပေါ်က ဖမ်းဆီးထားတဲ့ လူငယ်တွေကို အခုလက်ရှိမှာ ဝက်လက်မြို့ ထွေအုပ်ရုံးထဲမှာ အထုပ်အပိုးတွေနဲ့ ဖမ်းဆီးထားပြီး ရွှေဘိုကို ပို့ဆောင်မယ်လို့ သိထားရကြောင်း ပြောပါတယ်။

ဝက်လက်မြို့ပေါ်မှာ စစ်ကောင်စီတပ်က အခုလို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် ဒေသခံလူငယ်တွေ မြို့ပြင်ထွက်သွားကြတာတွေ ရှိသလို ပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြတယ်လို့ သိရ​ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013