
လားရှိုးမြို့က လောင်းကစားလုပ်သူတွေ၊ နှစ်လုံးထီ သုံးလုံးထီရောင်းချသူတွေကို တရုတ်နှစ်သစ်ကူးပွဲတော်ရာသီကာလပြီးရင် စည်းကမ်းတင်းကျပ်သွားမယ်လို့ လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီအုပ်ချုပ်တုန်းကတည်းက ရှိခဲ့တဲ့ နှစ်လုံးထီ သုံးလုံးထီနဲ့ လောင်းကစားပြုလုပ်သူတွေဟာ လမ်းမတွေပေါ်မှာပဲ ပေါ်ပေါ်ထင်ထင် ရောင်းချနေတာကိုသိရှိထားပြီး နှစ်သစ်ကူးပွဲတော်ပြီးဆုံးချိန်မှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမှာဖြစ်သလို လက်ရှိမှာတော့ မူးယစ်ဆေးဝါးကိစ္စတွေကို အဓိကထား ဖမ်းဆီးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
နှစ်ကူးအချိန်မို့ တချို့တော့ရှိနေပေမဲ့ နောက်ပိုင်းမှာတော့ စည်းကမ်းတင်းကျပ်သွားမှာဖြစ်ကြောင်း၊ လောင်းကစားတွေဟာ အခုမှမဟုတ်ဘဲ စစ်ကောင်စီလက်ထက်ကတည်းက ရှိနေတာဖြစ်ကြောင်း၊ မူးယစ်ဆေးကိုတော့ ပိုက်စိပ်တိုက်ဖမ်းနေကြောင်း သူက ပြောပါတယ်။
လားရှိုးမြို့က လောင်းကစားလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုနည်းလမ်းတွေနဲ့ စည်းကမ်း တင်းကျပ်မယ်ဆိုတာကိုတော့ ကြိုတင်ပြောဆိုလို့မရဘဲ နိုင်ငံတကာနည်းဥပဒေနဲ့အညီပဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ သူတို့ပြန်လည်မရရှိသေးတဲ့ လားရှိုးမြို့က ပြည်သူတွေဟာ ရာဇဝတ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာမျိုး၊ လောင်းကစားဒုစရိုက်ကိစ္စတွေဟာ MNDAA အုပ်ချုပ်စဉ်မှာ ပိုများလာတယ်လို့ သူတို့ရဲ့ စစ်လော်ဘီတွေနဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ပြောဆိုလေ့ရှိပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာသိမ်းပိုက်ခဲ့ပြီး မြို့ဟာ လက်ရှိမှာ ကိုးကန့်တပ် ထိန်းချုပ်မှုအောက် ပုံမှန်အတိုင်းလည်ပတ်နေသလို အခုတော့ နွေဦးအားကစားပွဲတော်ကို ကျင်းပနေပါတယ်။