
MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ ကျောင်းနေအရွယ်ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေဆိုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လားရှိုးမြို့ခံတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တွေထံက သိရပါတယ်။
လာမယ့် ဖေဖေဖော်ရီ ၂၀ ရက်မှာ ၂၀၂၄-၂၅ ပညာသင်နှစ်ရဲ့ စာမေးပွဲတွေကို စတင်ကျင်းပတော့မှာ ဖြစ်တဲ့အတွက် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က ကျောင်းသားကျောင်းသူတွေလည်း စာမေးပွဲဖြေခွင့်ရအောင် ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေးပိုင်းနဲ့ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းဆောင်ရွက်နေပြီး စာမေးပွဲဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ရပ်ကွက်ရုံးတွေမှာ စုံစမ်းစာရင်းပေးနိုင်တယ်လို့ ဒေသခံတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က “ဖြေရမှာကတော့ လက်ရှိသင်နေတဲ့ သင်ရိုးညွှန်းတမ်းပါပဲ။ ဖြေဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စုံစမ်းပါ။ ဖြေဖို့ ခုံနံပတ်တွေ ထွက်လာရင် ရပ်ကွက်တိုင်းမှာ စာသင်ပေးနေတဲ့ ကျောင်းတွေကို အသိပေး ဖုန်းဆက်အကြောင်းကြားပါလိမ့်မယ်။ စာမေးပွဲဖြေဖို့ စာရင်းပေးတာကို ဒီလ ၁၅ ရက်နေ့အထိ သတ်မှတ်ပေးထားပါတယ်” လို့ ပြောပါတယ်။
လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေမှာ ပညာသင်ကြားတာတွေ ရပ်ဆိုင်းသွားတဲ့အတွက် လားရှိုးမြို့က ကျောင်းသားကျောင်းသူတွေကို ရပ်ကွက်အလိုက် စာသင်ကြားတာ၊ လူမှုကူညီရေးအသင်းတွေကဖွင့်တဲ့ ကျောင်းတွေမှာ စာသင်ကြားတာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
လားရှိုးမြို့ခံတယောက်က “အရင်က ကျောင်းတွေကတော့ မဖွင့်တော့ဘူး။ အခုက ရပ်ကွက်အလိုက် ဖွင့်ထားတဲ့ ကျောင်းတွေမှာပဲ စာသင်ပေးနေကြတာ။ ဖြေလို့ အောင်တယ်ဆိုရင်လည်း နောက်နှစ်မှာ အတန်းတက်လို့ရတယ် ပြောပါတယ်” လို့ ပြောပါတယ်။
လာမယ့်ပညာသင်နှစ်မှာ လားရှိုးမြို့က ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းအပ် လက်ခံတာ၊ ကျောင်းဘယ်လိုတက်ရမယ်ဆိုတာမျိုးတွေကိုတော့ မသိရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမဲ့ အခုအခါ လားရှိုးမြို့ကနေ စစ်ရှောင်သွားတဲ့ ပြည်သူ ၃ ပုံ ၂ ပုံကျော်ဟာ လားရှိုးမြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး မြို့ဟာလည်း ပုံမှန်အတိုင်းလည်ပတ်နေတဲ့ အခြေအနေ ရောက်ရှိနေပြီလို့ လားရှိုးမြို့ခံတွေထံက သိရပါတယ်။