Home
မြန်မာသတင်း
လားရှိုးမြို့မှ MNDAA တပ်ဖွဲ့များ အရွှေ့အပြောင်းမရှိသေး
DVB
·
January 30, 2025

လားရှိုးမြို့ကနေ MNDAA ကိုးကန့်တပ်ဖွဲ့တွေရဲ့ တပ်အရွှေ့အပြောင်းတွေမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့တွေ ဇွန်လနောက်ဆုံးထားပြီး ဆုတ်ခွာရမှာဖြစ်သလို အခုအခါ MNDAA တပ်ဖွဲ့တွေ စတင်ဆုတ်ခွာနေပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတယောက်ထံ ဆက်သွယ်မေးမြန်းရာ တပ်ဖွဲ့တွေရဲ့ တပ်အပြောင်းအရွှေ့တွေ မရှိသလို တပ်ရွှေ့ပြောင်းဖို့ အမိန့်ပေးလာတာမျိုးလည်း မရှိသေးဘူးလို့ ပြောပါတယ်။

“တပ်အရွှေ့အပြောင်းတွေ မရှိဘူးခင်ဗျ။ အခြေအနေကောင်းပါတယ်။ ပုံမှန်ပါပဲ။ ဒါပေမဲ့ အခုကနေ ဇွန်လအတွင်း ဘယ်လိုဖြစ်မလဲဆိုတာတော့ မပြောတတ်သေးဘူး။”

လက်ရှိ လားရှိုးမှာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေပြီး မြို့ခံတွေအနေနဲ့လည်း ပုံမှန်လည်ပတ်နေကြသလို MNDAA တပ်ဖွဲ့ဝင်တွေကလည်း မြို့လုံခြုံရေးအတွက် ပုံမှန်အတိုင်း ကင်းလှည့်မှုတွေ ပြုလုပ်ပေးနေတယ်လို့ လားရှိုးမြို့အခြေစိုက် FYV က တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဘာမှ ထူးခြားမှုမရှိပါဘူး။ အပြင်မှာ သတင်းထွက်‌နေတာတွေလည်း မမှန်ပါဘူး။ သူတို့လည်း ပုံမှန်ကင်းစောင့်တယ်၊ ကင်းလှည့်တယ်။ တရားဝင် စာထုတ်တာမျိုးတွေလည်း မရှိဘူး။ တပ်တွေ ပြောင်းသွားပြီ ဆိုတာလည်း မရှိပါဘူး။”

လားရှိုးမြို့ကို MNDAA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ ၂ ကြိမ်တိုင်တိုင် ဆွေးနွေးကာ အပစ်ရပ်ဖို့ သဘောတူညီခဲ့ရပါတယ်။

အဆိုပါသဘောတူညီချက် မရခင်က စစ်ကောင်စီဟာ လားရှိုးမြို့ကို MNDAA သိမ်းပိုက်သွားပြီး နောက်ပိုင်း အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးပြီးနောက်ပိုင်း လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာရမယ်လို့ မကြာခဏ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လားရှိုးမြို့မှာတော့ ဒီနေ့အထိ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကဏ္ဍတွေကို အထူးဒေသ ၁ စစ်ရေးအုပ်ချုပ်မှုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ဆက်လက်ဆောင်ရွက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013