စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းရွာမှာ ဖွင့်ထားတဲ့ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံအားလုံး ထိခိုက်ပျက်စီးသွားတယ်လို့ နတ်ချောင်းရွာ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ တံတာဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စစ်ကောင်စီက ဆေးရုံတည့်တည့်ကို ဗုံးကြဲတိုက်ခိုက်သွားခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ဆေးရုံဝန်းထဲမှာရှိတဲ့ အဆောက်အအုံ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေက မနေ့က ကြိုတင်ပြောင်းရွှေ့လိုက်နိုင်တာကြောင့် လူတွေထိခိုက်မှု မရှိခဲ့ဘူးလို့ နတ်ချောင်းရွာသူတယောက်က ပြောပါတယ်။
အဆိုပါ ဆေးရုံ လေကြောင်းတိုက်ခံရမှုနဲ့ပတ်သက်ပြီး ဆေးရုံက ဆရာဝန် ဒေါက်တာဂျိုးဆက် (Dr Joshua) ကို DVB က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မြေပြင်အခြေအနေ ရှုပ်ထွေးနေတဲ့အတွက် အင်တာဗျူးဖြေဖို့ အဆင်မပြေသေးကြောင်း ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ လူဦးရေအများအပြား သေဆုံးခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။
ကလေးတောင်ပိုင်းမှာ တိုက်ပွဲတွေ စတင်ပြင်းထန်နေစဥ်ကတည်းက စစ်ကောင်စီက ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းကနေ နေ့စဉ် တိုက်ခိုက်နေပါတယ်။
ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှူး အောင်နိုင်ဦး အပြောင်းကျပြီး ဒကစမှူးအသစ် အောင်ကျော်ဆိုင် ရောက်ပြီးတဲ့နောက် စစ်ကောင်စီက ကလေးနယ်ကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုတွေကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတဲ့ကြားကပဲ ကလေး-ဂန့်ဂေါ လမ်းမပေါ်က ကမ်းပါးနီ (ဒေသအခေါ် ကဘနီ) စစ်စခန်းကို ဖေဖော်ဝါရီ ၁၂ ရက် ညနေက တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးနယ်တောင်ပိုင်းမှာ လူနေအိမ်တွေ မီးလောင်ထိခိုက်ပျက်စီးတာ၊ ဒေသခံတွေ သေဆုံးထိခိုက်နေတာ ရှိပေမဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ ပြောဆိုထားတာ မရှိသေးပါဘူး။