
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုကြောင်းနဲ့ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
စစ်အုပ်စုက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်မှုမရှိဘဲ စစ်အာဏာရှင် အလိုရှိတဲ့အတိုင်း ရပ်တည်ဆောင်ရွက်နေတာ ဖြစ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဘက်ကလည်း ရပ်တည်ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ရေငုံနှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။
Global Alliance of National Human Rights Institute-GANHRI ကလည်း ပဲရစ်အခြေခံမူများနဲ့ မကိုက်ညီတာကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က အဖွဲ့ဝင်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။
စစ်အုပ်စုက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ထပ်မံဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာလည်း စစ်ကောင်စီအလိုကျ ရပ်တည်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်း အများစုနဲ့ ထပ်မံဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG ရဲ့ ဒီထုတ်ပြန်ချက်မှာ အချိန်နဲ့တပြေးညီ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ကော်မရှင်ကို အသိအမှတ်မပြုကြဖို့၊ တွေ့ဆုံခြင်းများ မပြုလုပ်ကြဖို့နဲ့ အစည်းအဝေးတွေကို ဖိတ်ကြားခြင်း မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။