Home
မြန်မာသတင်း
ပသုံးလုံးအဖွဲ့များ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော
DVB
·
February 3, 2025

ပသုံးလုံးအဖွဲ့တွေ ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေပြီး အခွန်ကောက်ခံတာကို ခရိုင်အလိုက် ကြီးကြပ်ဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကလုပ်တဲ့ နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်းမှာ ပြောဆိုခဲ့ဖြစ်ပြီး NUG အစိုးရအနေနဲ့ မြေပြင်မှာ ထိန်းကျောင်းညှိနှိုင်းနိုင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က “လမ်းမတွေမှာ အခွန်ကောက်တယ်၊ အလှူခံတယ်ဆိုတဲ့ ကိစ္စတွေပေါ့။ အခွန်ကောက်နေတာကတော့ ကျနော်တို့ တရားဝင်ဖွင့်ခွင့်ပေးထားတဲ့ အခွန်ဂိတ်တွေက မြို့နယ်တမြို့နယ်မှာ တဂိတ်၊ နှစ်ဂိတ်ထက် မပိုပါဘူး။ များများစားစား မရှိပါဘူး။ ကျန်တာကတော့ အဖွဲ့အစည်းပေါင်းစုံက လုံခြုံရေးအရ ဂိတ်တက်ဖွင့်တာတွေရှိသလို အဲဒီကနေပြီးတော့မှ မိမိတို့တပ်ရင်းတွေ ရပ်တည်ရေးအတွက် လိုအပ်တဲ့ရန်ပုံငွေကို သူတို့နည်းလမ်းပေါင်းစုံနဲ့ ရှာကြတာပေါ့နော်။ သူတို့လည်း အခွန်ဆိုတဲ့ စကားလုံးကို မသုံးကြပါဘူး။ ဥပမာ ထီရောင်းတယ်ဗျာ။ အလှူခံကြတယ်ပေါ့” လို့ ပြောပါတယ်။

ဒါပေမဲ့ ပြည်သူအများစုကတော့ ဒါတွေက အခွန်ဂိတ်တွေဖြစ်တယ်လို့ မြင်ကြပြီး တကယ်တမ်းမှာလည်း ပြည်သူတွေက အခွန်ရော၊ ဒဏ်ကြေးရောကိုပေးဖို့ ကြည်ဖြူပေမဲ့ ဂိတ်တွေအများကြီးနဲ့ စစ်ဆေးခံရတာမျိုးကို မကြိုက်တာလို့ သူက ပြောပါတယ်။

လက်ရှိမှာလည်း လမ်းပိုင်းတွေမှာ အခွန်ကနေ ငွေရတာထက် ဒဏ်ကြေးကနေရတာက ပိုများတယ်လို့ ဆိုပါတယ်။

ဦးလွင်ကိုလတ်က “ခရိုင်အလိုက် အခွန်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကြီးကြပ်ဆောင်ရွက်ဖို့ အဖွဲ့တွေကို ဖွဲ့စည်းဖို့ ကျနော်တို့၊ ဆရာဦးရည်မွန်တို့ ညှိနှိုင်းတိုင်ပင် ပြင်ဆင်နေတာ ရှိပါတယ်။ Check Point လုပ်မယ်၊ သက်ဆိုင်ရာလမ်းပိုင်းတွေမှာ တာဝန်ခံပြီး လိုက်ပြီး စစ်ဆေးတာမျိုးပေါ့နော် ဒီပုံစံမျိုးတွေနဲ့ ထိန်းကျောင်းဖို့ပေါ့။ အဲလိုမလုပ်ခင်မှာလည်းပဲ တတ်နိုင်သလောက် မြေပြင်မှာရှိနေတဲ့ တခြား Local အဖွဲ့တွေကိုလည်း ဆွေးနွေးညှိနှိုင်းပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Local အဖွဲ့တွေကလည်း ဒေသကာကွယ်ရေး ခေါင်းစဉ်အောက်ကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အခါကျတော့ သူတို့မှာ လိုအပ်ချက်တွေ ရှိပါတယ်။ ဒီလိုအပ်ချက်တွေနဲ့ ဒေသကာကွယ်ရေးကိစ္စရပ်တွေကို ဘယ်လိုပေါင်းစပ်ပြီး ဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ရှိရင်တော့ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြင်ဆင်ဖို့ လုပ်ထားတာရှိပါတယ်” လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ ကနီမြို့နယ်ထဲက လမ်းပေါ်တက် စစ်ဆေးအလှူကောက်နေတဲ့ အဖွဲ့တွေကို ခေါ်ယူညှိနှိုင်းခဲ့တယ်လို့လည်း ပြောပါတယ်။

တိုင်းဖက်ဒရယ်ယူနစ်တွေမှာ အစိုးရအဖွဲ့တွေ ပေါ်ပေါက်လာမယ်ဆိုရင်တော့ ဒီလိုစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မယ်လို့လည်း ဆိုပါတယ်။

မြေပြင်မှာဖြစ်နေတဲ့ လွဲချော်တာတွေကို သက်ဆိုင်ရာ တိုင်ကြားစာဗဟိုကော်မတီတွေဆီ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားလာရင် တိုင်ကြားသူရဲ့ လုံခြုံရေးကို တာဝန်ယူ ဂရုစိုက်မှာဖြစ်ပြီး ဗဟိုကတော့ ဖြေရှင်းနိုင်မှုမှာ အားနည်းတာတွေရှိတာကြောင့် ခရိုင်အဆင့်မှာ ယန္တရားတွေ တည်ဆောက်ပြီး မြေပြင်ကွင်းဆင်းဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

NUG ရဲ့ အုပ်ချုပ်ရေးဘက်နဲ့ အခွန်ဘဏ္ဍာဆိုင်ရာဘက်မှာ အသံတော်တော်ထွက်လာသလို တချို့ မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖည်လာတာမျိုးတွေလည်း ရှိလာလို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့နဲ့ ပသုံးလုံးကို မြန်မြန်ပြုပြင်ပြောင်းလဲရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ဇန်နဝါရီ ၁၄ ရက်ကလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားတာပါ။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖမှာ ဝန်ကြီးဌာနပေါင်းစုံရဲ့ တာဝန်ခံတွေပါပြီး ပအဖတခုလုံး အနေနဲ့ ဆိုရင်တော့ ကြားကာလ ဒေသန္တရအုပ်ချုပ်မှု ဗဟိုကော်မတီကို တာဝန်ခံပြီး ဆောင်ရွက်ရတယ်လို့  ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ရှင်းပြပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖကတော့ ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံ ဆောင်ရွက်ရတာ ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရတွေ ပေါ်ပေါက်လာပြီဆိုရင် သက်ဆိုင်ရာတိုင်းဒေသရဲ့ State Police အနေနဲ့ ပြောင်းလဲပေးဖို့ အခုကတည်းက မူချပြီးတော့ ပြင်ဆင်နေတာရှိတယ်လို့လည်း ပြောပါတယ်။

ပလဖအဖွဲ့ဝင်တွေဟာ တော်လှန်ရေးလိုအပ်ချက်နဲ့ စိတ်ဓာတ်ကြောင့်ပဲ ဝင်ရောက်လုပ်ကိုင်နေကြပေမဲ့ ရဲလုပ်ငန်းနဲ့ ဥပဒေကို နားမလည်သူများတာကြောင့် အခုဆိုရင် မြေပြင်သင်တန်းတွေ ပေးနေတယ်လို့လည်း ပြောပါတယ်။

Support Team ဂျာမနီနဲ့ Support Group နော်ဝေးတို့က စီစဉ်ခဲ့ကြတဲ့ ဒီစကားဝိုင်းကို Moderator အဖြစ် Support Group နော်ဝေး အထွေထွအတွင်းရေးမှူး မဝတ်မှုန်ဝင်းက ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ရဲ့ ကွပ်ကဲရေးမှူး ကိုဆောင်းခနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဥက္ကဋ္ဌ ခွန်းဘီထူးတို့ တက်ရောက်ခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ တော်လှန်ရေးရဲ့ နောက်တဆင့်ကို ရောက်အောင်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ အာဏာရှင်ဖြုတ်ချရေးနဲ့ ဒီမိုကရေစီတည်ဆောက်ရေးကို ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ရင်တောင်မှ နယ်မြေတော်တော်များများမှာ လုပ်လာနိုင်မယ်လို့ ခွန်းဘီထူးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013