
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ NUG က ဖွင့်လှစ်လိုက်တဲ့ အောင်ဆန်း ပညာရပ်စုံတက္ကသိုလ်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ ၁ ယောက်သေဆုံးခဲ့ပါတယ်။
အောင်ဆန်း ပညာရပ်စုံတက္ကသိုလ်ကို ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်ပြီးတိုက်ခိုက်လာတာဖြစ်ပါတယ်။
မြိုင်မြို့နယ်အခြေစိုက် PDF ရဲဘော်တယောက်က “နောက်တကြိမ်ထပ်ကြဲတာဗျ။ မကွေးလေတပ်ဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ တံတားဦးလေတပ်ဘက်က တက်လာကြတဲ့ ဂျက်ဖိုက်တာ ၁ စီးတို့က ဗုံးကြဲတိုက်ခိုက်သွားတာပါ။ အဲဒီကျောင်းက ကျောင်းသူလေး ၁ ယောက်ကတော့ နေရာမှာတင်ဆုံးသွားတယ်။ အမျိုးသမီး ၁ ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်ကလည်း အဲဒီတက္ကသိုလ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၁ ယောက်နဲ့ ဈေးရောင်းချသူ ၂ ယောက် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ပထမနေ့က ဒဏ်ရာရတဲ့သူ ၃ ယောက်ရှိတယ်။ ဒုတိယနေ့မှာ ကျောင်းသူ ၁ ယောက်သေတယ်။ ၁ ယောက် ဒဏ်ရာရတယ်ဆိုတော့ ဒဏ်ရာရတဲ့သူက စုစုပေါင်း ၄ ယောက်ပေါ့ဗျာ။ မပေါက်ကွဲသေးတဲ့ဗုံး ၁ လုံးလည်းကျန်နေသေးတယ်။ စစ်တပ်ကတော်တော်လေးကို အငြှိုးကြီးကြီးနဲ့လုပ်တယ်လို့ ယူဆတယ်။ အဆောက်အဦတွေလည်း ပျက်စီးတာတွေရှိပါတယ်။ အခုရက်ပိုင်း မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားတာတွေ စတင်ပြုလုပ်လာနေတာ တွေ့နေရတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိအချိန်မှာလည်း တက္ကသိုလ်ရှိရာနေရာတဝိုက်ကို စစ်ကောင်စီတပ်ရဲ့ကင်းထောက်ဒရုန်းတွေ မကြာခဏပျံဝဲနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အောင်ဆန်းပညာရပ်စုံတက္ကသိုလ် ဗုံး ၂ ကြိမ်ကြဲချခံရပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီး သွားတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေကိုတော့ DVB က ဆက်လက်စုံစမ်းနေပါတယ်။
အဲဒီတက္ကသိုလ်ကို လွတ်မြောက်နယ်မြေအတွင်း ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်မတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင် က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့သလို Radio NUG ကလည်းကြေညာပြီး နောက်တရက်ကစလို့ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အစီအစဉ်တွေ ဖျက်သိမ်းလိုက်ရတယ်လို့လည်း မြိုင် ပကဖ ရဲ့ တာဝန်ရှိသူတယောက်က ဆိုပါတယ်။
တက္ကသိုလ်ဖွင့်ပွဲကို ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းမှာပြုလုပ်မှာဖြစ်တဲ့အတွက် ဖွင့်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေ ညအိပ်ရှိနေနိုင်တယ်လို့ စစ်ကောင်စီကယူဆပြီး အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။