
စစ်ကောင်စီခန့် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်ရွှေထွန်း တို့ကို အာဏာသိမ်း စစ်ခေါင်းဆောင်က အရပ်ဘက်ကို ပို့လိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ သက်တမ်း ၆ လထပ်တိုးတဲ့နေ့မှာပဲ ဗိုလ်ချုပ်တိုးရီနဲ့ ဗိုလ်ချုပ်ကျော်ရွှေထွန်းကို အရန်အင်အားကို အရန်အင်အားမပို့ဘဲ စစ်ဘက်က အနားပေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးနေရာ ပေးလိုက်တာပါ။
ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတွေ သေဆုံး၊ ပျောက်ဆုံးစာရင်းနဲ့ လစာ၊ စားနပ်ရိက္ခာတွေကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့လို့ ဗိုလ်ချုပ်တိုးရီကို အနားပေးခဲ့ပြီး ဗိုလ်ချုပ်ကျော်ရွှေထွန်းကိုတော့ ကျောက်ဖြူရေနက်စီမံကိန်းသတင်း ပေါက်ကြားမှုတွေကြောင့် အနားပေးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရခိုင်က နခခရဲတွေကိစ္စ အခုထိရှင်းနေရတုန်း၊ တိုက်ပွဲမှာ သေတယ်၊ ၆ လ ၇ လအထိ ပျောက်ဆုံးစာရင်းထည့်ပြီး လစာတွေ ဖြောင်တယ်၊ တချို့ရဲတွေဆို အခုထိ လစာမရဘူး။ ဒါကြောင့် အနားပေးတာ။ ဗိုလ်ချုပ်ကျော်ရွှေထွန်းက သတင်းပေါက်ကြားမှုနဲ့ အနားပေးတာ၊ ကျောက်ဖြူကိစ္စလို့ ပြောတယ်။”
ပြည်ထဲရေးဒုဝန်ကြီးနေရာကို DSA အပတ်စဥ် ၃၂ ကျောင်းဆင်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး လက်အောက်က အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ပြောင်းလဲခန့်ထားခဲ့တာပါ။
ပြည်ထဲရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က “ပြည်ထဲရေးကို မိုးကျရွှေကိုယ်တွေ ရောက်လာလိုက်၊ လုပ်စားလို့ဝသွားရင် အနားပေးလိုက်နဲ့ ဒီလိုနဲ့ပဲ ရဲတပ်ဖွဲ့က မတိုးတက်ဘူး၊ ဒုံရင်းက ဒုံရင်းပဲ၊ ဝန်ကြီးအသစ်ပြောင်းတိုင်း အသစ်ကနေ ပြန်စနေရတော့ ဘယ်သူပဲတက်တက် မတိုးတက်ဘူး”လို့ သုံးသပ်ပါတယ်။
ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ကျော်ကျော်နဲ့ အပတ်စဥ်တူ သူငယ်ချင်းတွေက ဒုဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်၊ ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နဲ့ ဗိုလ်ချုပ်ဇော်နိုင်ဦးတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က DSA အပတ်စဥ် ၂၂ ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားပြီး DSA အပတ်စဥ် ၂၅ ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီး ဖြစ်လာပါတယ်။