
ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက လင်းလင်းရဲ့သီချင်းတွေ ဖွင့်ပြကာ လူငယ်တွေကို ဖမ်းဆီးဖို့ အသွင်ယူ ထောင်ချောက်ဆင်နေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေဟာ အခုရက်ပိုင်းထဲ အိမ်စီးကားတွေနဲ့ ရပ်ကွက်တွေအတွင်း လှည့်လည်ကာ လင်းလင်းသီချင်းတွေထဲက တော်လှန်ရေးသီချင်းတပုဒ် ဖြစ်တဲ့ ရောင်နီသီချင်းကိုဖွင့်ကာ အသွင်ယူ ဖမ်းဆီးတာတွေ ပြုလုပ်နေပြီးတော့ ရပ်ကွက်ကွမ်းယာဆိုင်၊ ကယ်ရီဂိတ်တွေမှာလည်း လင်းလင်းသီချင်းတွေဖွင့်ပြီး အသွင်ယူ ထောင်ချောက်ဆင် ဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာအနီးမှာ နေသူတယောက်က “ရပ်ကွက်တွေထဲကို သူတို့လာရင် လင်းလင်းသီချင်းကိုဖွင့်ပြီး ကားကို ဖြည်းဖြည်းမောင်းတာ၊ လမ်းမေးတာတွေ၊ ဘယ်သူ့ကိုသိလား၊ စကားရောနဲ့ ဒီသီချင်းကိုသိလား ဘာညာမေးပြီး သိတယ်ဆိုရင် အဲဒီလူငယ်ကို ဖမ်းသွားတော့တာပဲ။ ပြီးတော့ လူမိုက်တွေနဲ့ရင်းနှီးတဲ့ ကွမ်းယာဆိုင်တွေမှာလည်း လင်းလင်းသီချင်းတွေ ဖွင့်ထားတာ။ အဲဒါကို မသိဘဲ တော်လှန်ရေးအကြောင်းတွေ သွားပြောမိရင် ဘယ်အိမ်က ဘယ်သူဆိုတာ မှတ်ထားပြီး သွားဖမ်းတာတွေလုပ်တာ။ အဖမ်းခံရတဲ့သူတွေက စစ်သင်တန်းအပို့ခံရတာချည်းပဲ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ အခုလထဲ အသွင်ယူဖမ်းဆီးတာတွေဟာ အဲဒီလိုဖြစ်စဉ်တွေအပြင် အရပ်ဝတ်နဲ့ လူမိုက်တွေက လူငယ်တွေကို စစ်တပ်ကဆိုပြီး ဖမ်းဆီးတာတွေ ပြုလုပ်ကာ မိသားစုဝင်တွေထံက ငွေကြေးနဲ့ အလဲအလှယ် ပြုလုပ်ဝာာမျိုးတွေလည်း ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
လက်ရှိ ရန်ကုန်မှာ စစ်တပ်အတွက် လူဖမ်းဆီးပေးနေတဲ့ အဓိကနေရာဟာ လှိုင်သာယာမြို့နယ် ဖြစ်ပြီး အလုပ်သွား အလုပ်ပြန် လူငယ်တွေကို နယ်ခံလူမိုက်တွေက မထင်ရင် မထင်သလို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ လှိုင်သာယာမြို့ခံတွေက ပြောပါတယ်။
“လူအဖမ်းခံရတာက လှိုင်သာယာမှာ နေ့တိုင်းရှိတယ်။ နယ်ခံလူမိုက်တွေကို စစ်တပ်က ဘာပြောထားလို့လဲ မသိဘူး၊ စစ်တပ်က မဖမ်းတော့ဘူး။ အဲဒီလူမိုက်တွေက ဖမ်းပေးနေတာ။”
စစ်ကောင်စီဟာ အခုနှစ်စကတည်းက အသွင်ယူဖမ်ဆီးတာတွေကို YBS ယာဉ်တွေ၊ အဝေးပြေး ယာဉ်လိုင်းတွေ၊ ဆိုင်ကယ် ကယ်ရီဂိတ်နဲ့ တက္ကစီယာဉ်တွေနဲ့ပါ အသွင်ယူ ဖမ်းဆီးနေတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။