
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဂြင်းဒွေကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကျန်ဗုံးသီးတလုံးကို ထုကြည့်ရာကနေ ပေါက်ကွဲပြီး လူငယ် ၂ ယောက် သေဆုံးကာ နောက်ထပ် လူငယ် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူငယ်တယောက်ဟာ စစ်ကျန်ဗုံးသီးတလုံးကို မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာက ယူဆောင်လာပြီး သူတို့ကျေးရွာမှာ သူငယ်ချင်းတွေနဲ့ ထုကြည့်ကြရာက ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၂ ယောက် သေဆုံးကာ နောက်ထပ် ၄ ယောက် ဒဏ်ရာရရှိခဲ့တာလို့ ဂြင်းဒွေကျေးရွာသားတယောက်က ပြောပါတယ်။
“စွန်ရဲရွာက ရရှိခဲ့တဲ့ စစ်ကျန်ဗုံးသီးတလုံးကို လူငယ်တဦးက ယူဆောင်လာပြီးတော့ ရွာမှာ သူငယ်ချင်းတွေနဲ့ ထုကြည့်ကြတာ။ အဲဒီမှာ ပေါက်ကွဲမှုဖြစ်ပြီးတော့ လူငယ် ၂ ဦးက နေရာမှာတင် သေဆုံးသွားပြီးတော့ နောက်ထပ် လူငယ် ၄ ဦးက ထိခိုက်ဒဏ်ရာ ရရှိသွားတာ။ ဒဏ်ရာရရှိသွားသူတွေကတော့ ဆေးကုသမှု ခံယူနေကြရတယ်။ အဓိကတော့ စစ်ကျန်လက်နက်တွေနဲ့ ပတ်သက်ပြီး အသိပညာသိရှိမှု အားနည်းတာကြောင့် အခုလို အသက်အန္တရာယ် ထိခိုက်သေဆုံးမှုဖြစ်ကြတာ။”
စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေမှာ ကိုနေမျိုးဝင်း (၂၀ နှစ်)၊ ကိုကိုနိုင် (၁၈ နှစ်) တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူတွေမှာ မောင်ငြိမ်းစိုးလင်း (၁၅ နှစ်)၊ မောင်ဟိန်းစိုးနိုင် (၁၅ နှစ်)၊ မောင်မင်းစိုးထွန်း (၁၇ နှစ်) နဲ့ မမြတ်အေးခိုင် (၂၀ နှစ်) တို့ ဖြစ်ကြပါတယ်။
ရခိုင်တိုက်ပွဲအတွင်းမှာ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် မြို့နယ်တိုင်းလိုလိုမှာ ထိခိုက်သေဆုံးမှုတွေ ရှိနေကြပြီး အာရက္ခတပ်တော်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အသိပညာပေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ ရခိုင် လူမှုရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။
“ရခိုင်ပြည်မှာက စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်းတွေက အများကြီးရှိနေသေးတုန်းဆိုတော့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေဆဲပဲ။ တချို့ပြည်သူတွေက စစ်ကျန်လက်နက်တွေ့ရင် ဘယ်လိုကိုင်တွယ်ရမှာ မသိကြတော့ စူးစမ်းပြီး ထုကြည့်ကြတာမျိုးတွေ လုပ်ကြတော့ ထိခိုက်သေဆုံးမှုတွေ ဖြစ်ကြတာပေါ့။ အဲဒါကြောင့် အာဏာပိုင်ဖြစ်တဲ့ အာရက္ခတပ်တော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ CSO တွေအနေနဲ့ မိုင်းနဲ့ စစ်ကျန်လက်နက် အသိပညာပေးမှုတွေ ပြုလုပ်ပေးကြဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မောင်တောမြို့နယ်၊ ရွှေဇာဂုံးနား မွတ်ဆလင်ကျေးရွာမှာ စစ်ကျန်လက်နက် ဗုံးသီးတလုံးကို လက်ဖက်ရည်ဆိုင်မှာ ထုခွဲကြည့်ရာကနေ အမျိုးသားတယောက် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။