
လူငယ်တွေကို အတွေးအခေါ်အယူအဆမှားယွင်းအောင်၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြား လာအောင် လူမှုကွန်ရက်တွေနဲ့ ကျင့်ဝတ်မဲ့ မီဒီယာတွေကတဆင့် လုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်မိန့်ခွန်းထဲမှာ “ သတိပြုရမယ့်အချက်ကတော့ ဘာသာရေး၊ အမျိုးသားယဥ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး လူငယ်တွေကို အတွေးအခေါ်အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်တွေနဲ့ ကျင့်ဝတ်မဲ့မီဒီယာတွေကတဆင့် လုပ်ဆောင်နေမှုတွေပဲဖြစ်ပါတယ်” လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်ဟာ သူ့ရဲ့မအောင်မြင်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးအတွက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အပြစ်ဖို့ဝေဖန်နေတာလို့ လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ (IPCM) က ပြောပါတယ်။
IPCM ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အခုခေတ်လူငယ်တွေဆိုတာက မီဒီယာရယူမှု အရမ်းမြင့်တယ်၊ အခု ဆိုရှယ်မီဒီယာ သုံးစွဲမှုကိုကြည့်လိုက်ရင် ၁၈ နဲ့ ၃၀ ကြားက အများဆုံးပဲလေ၊ သူတို့တွေက ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်တယ်။ အများဆုံး မိုဘိုင်းဖုန်းတွေကနဲ့ သတင်းတွေ ရယူတယ်။ အဲတာကြောင့် သေချာတာကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုက မအောင်မြင်ဘူး ပြောရမှာပေါ့။ မီဒီယာတွေက ချစ်လို့လည်း သတင်းမလုပ်ဘူး။ မုန်းလို့လည်းသတင်းမလုပ်ဘူး။ သူပြောတဲ့ အမျိုးဘာသာ ယဉ်ကျေးမှုဆိုတာတွေက သေချာတာကတော့ မီဒီယာတွေကြောင့်မဟုတ်ဘူး။ ခုတလော မင်းအောင်လှိုင်နဲ့ သူတို့အပေါင်းတွေက မီဒီယာတွေကို အပြစ်ဖို့တာ အတော်စိပ်လာတယ်။ သူတို့ရဲ့ မအောင်မြင်မှုတွေ အကုန်လုံးက မီဒီယာတွေဆိုပြီး ထိုးချနေတာပါ” လို့ ပြန်လည်တုံ့ပြန်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ မီဒီယာတခုရဲ့ အမျိုးသမီးသတင်းထောက်တယောက်ကလည်း “သူက လွတ်လပ်တဲ့၊ အမှန်တရားရေးသားတဲ့ သတင်းမီဒီယာသမားတွေအပေါ်မှာ အငြိုးထားပြီး မုန်းနေတယ်ဆိုတာ သတင်းသမားတွေကို သတ်ဖြတ် ဖမ်းဆီးထားတဲ့ လုပ်ရက်တွေက သက်သေပါပဲ။ သူလိမ်သမျှ သူယုတ်မာသမျှ သတင်းတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဖော်ပြနေသမျှ ပြည်သူတွေကို သူဆက်လိမ်လို့ မရတော့တဲ့ အတွက်ရယ်၊ သူ့ရဲ့ ယုတ်မှုအပေါင်း သရဖူဆောင်းထားတဲ့ ဘီလူးမျက်နှာဖုံး ကွာကွာကျလာတဲ့အတွက်ရယ်ကြောင့် အပြစ်ထိုးချစရာ မီဒီယာကို ထိုးချတယ်လို့ပဲ မြင်ပါတယ်။ ပြည်သူတွေကလည်း သူလိမ်နေမှန်း သိပါတယ်” လို့ ဝေဖန်ပါတယ်။
မြန်မာနိုင်ငံသားအားလုံးဟာ မြန်မာစိတ်မွေးပြီး We are Myanmar ဆိုတဲ့ စိတ်၊ တသွေးတည်း တသားတည်းဆိုတဲ့ စိတ်၊ စည်းလုံးညီညွတ်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေနဲ့ နိုင်ငံတော်ကြီး အေးချမ်းသာယာဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အတူတကွ လက်တွဲအကောင်အထည် ဖော်ပေးကြဖို့လည်း လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
Photo - CINCDS