
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေး အတင်းအဓမ္မကောက်ခံယူတဲ့ အုပ်ချုပ်ရေးမှူး၊ စာရေး၊ နယ်ထိန်းတို့ ဝိုင်းရိုက်နှက်ခံရပြီးနောက် လူငယ်တချို့ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က အရပ်သားတွေဆီကနေ စစ်မှုထမ်းငွေ ဖိအားပေးကောက်ယူနေတဲ့ ကျွန်းထိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နဲ့ ရန်မနိုင်တိုက်နယ်ရဲစခန်းက နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစုက ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်မှာ ရိုက်နှက်မှုနဲ့ မသက်ဆိုင်တဲ့ လူငယ် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အုပ်ကြီး၊ စာရေးနဲ့ ရဲအရိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲက ဆက်တိုက်ဖမ်းနေတာ။ ရိုက်တဲ့သူတွေကို တိတိကျကျမသိဘဲ အရပ်သားတွေကို ဖမ်းတာ။ အဖမ်းခံရတာ ၅ ယောက်အထိရှိပြီ၊ အဖမ်းခံရသူတွေက ရိုက်နှက်သူတွေ မဟုတ်ပါဘူး။ အဖမ်းခံရသူတွေကို ဘယ်ခေါ်သွားမှန်း မသိပါဘူး” လို့ ပြောပါတယ်။
ကျွန်းထိပ်၊ ချောင်းဗြဲ စတဲ့ ကျေးရွာတွေက အရပ်သား လူငယ် ၅ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အုပ်ကြီးက ကျွန်းထိပ်ကျေးရွာအတွင်း စစ်မှုထမ်းကြေး ကောက်ယူတာကအစ အတော်ရိုင်းစိုင်းစွာ ပြောဆိုကောက်ယူတာ။ အုပ်ကြီးက ထောင့်ကြီး-မြောင်းမြလမ်းပေါ် ဆိုင်ကယ်မောင်းလာရင်း အမည်မသိလူတစုက ဝိုင်းဝန်းရိုက်နှက်ခံရတာ။ ရန်မနိုင်တိုက်နယ် ရဲစခန်းက နယ်ထိန်းရဲ ရဲကိုနဲ့ ကျွန်းထိပ်ကျေးရွာ ထွေအုပ်စာရေး သန်းနိုင်တို့ ၂ ယောက်က ဆိုင်ကယ်နဲ့ ထင်းပုံစုကျေးရွာကနေ ချောင်းဗြဲကြီးကျေးရွာဘက်ကို ပြန်လာနေတုန်း လမ်းတနေရာမှာ လူတစုက ဝိုင်းဝန်းရိုက်နှက်တာ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြောင်းမြမြို့နယ်က အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ နေအိမ်ကနေ အပြင်ကိုထွက် သွားလာရာမှာ တယောက်တည်းမသွားဖို့၊ အုပ်စုလိုက်သွားလာဖို့၊ ဆိုင်ကယ်ဦးထုပ်ဆောင်း သွားလာဖို့၊ ပြန်လှန်ခုခံရမယ့် လက်နက်ပစ္စည်းတခု ယူဆောင်သွားဖို့ စစ်ကောင်စီတပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။