Home
မြန်မာသတင်း
ကမ်းပါးနီစစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက် သိမ်းပိုက်
DVB
·
February 13, 2025
တင်သားရွာ
ကမ်းပါနီစစ်စခန်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာရှိတဲ့ ကမ်းပါးနီ (ဒေသအခေါ် ကဘနီ) စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ တော်လှန်ရေးအင်အားစုတွေဘက်က ဖေဖော်ဝါရီ ၁၃ ရက်ညနေမှာ  DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ပစ်ကူနေတဲ့ကြားကပဲ ဒေသကာကွယ်ရေးတပ်တွေက  ကမ်းပါနီစခန်းကိုစစ်စခန်းကို ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက တောင်ဘက်မှန်တောရွာဘက်ကို ဆုတ်သွားကြတာရှိသလို ထိခိုက်ကျဆုံးသူတွေရှိတယ်လို့  ကလေးမြို့နယ်က တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

ကမ်းပါးနီစစ်ကောင်စီခန်းမှာ တပ်ခွဲဗိုလ်မှူး အပါအဝင် ပျူ‌စောထီးအင်အား ၇၀ လောက် အထိုင်ချထားပြီး လေကြောင်းပစ်ကူတွေ ထိရောက်ပေမဲ့ စခန်းကျဆုံးထားကြောင်းကို အဲ့ဒီ ပျူရွာအုပ်စုက‌ ဒေသခံ ဘူးလက်လှဆွေကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက တင်သားရွာနဲ့ အောင်မင်္ဂလာရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တင်သားရွာသား ၂ ယောက် ထိခိုက်‌ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ တင်သားရွာသားတွေက ပြောပါတယ်။

ကမ်းပါနီတိုက်ပွဲကို ပစ်ကူနေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တွေက ကျေးရွာတွင်းကို လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ‌တင်သားရွာက နေအိမ် ၃၀ ကျော် ထိခိုက်ခဲ့ကာ အောင်မင်္ဂလာရွာ လမ်းဘေးက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကြောင့် တင်သားရွာ အမှတ် ၂ ရပ်ကွက်က အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ အမှတ် ၄ ရပ်ကွက်က အမျိုးသားတယောက် ကျောဘက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဗုံးကြဲမှုကြောင့် နေအိမ်မှာမွေးထားတဲ့ ဝက်တွေလည်း သေဆုံးခဲ့တယ်လို့ တင်သားရွာသားတယောက်က ပြောပါတယ်။

ကလေးတောင်ပိုင်းနဲ့ ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကျေးရွာ ၁၂ ရွာကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

စစ်‌တပ်ရဲ့ လေကြောင်းရန်ကြောင့် တင်သားရွာ၊ ရှားဖိုရွာ၊ အောင်မင်္ဂလာရွာနဲ့ ကုက္ကိုလ်ရွာ စတဲ့ ကျေးရွာက ဒေသခံတွေ အပါအဝင် ဒေသခံစုစုပေါင်း ၂၀,၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းကစပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ကမ်းပါနီ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်နေကြပြီး စစ်ကောင်စီကလည်း လေကြောင်းက ဆက်လက်တိုက်ကူနေပါတယ်။

ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီက တင်သားရွာကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် တင်သားရွာက အသက် ၅၀ ဝန်းကျင်အရွယ် ဦးဇော်ဇော်ဟာ လည်ပင်းမှာ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှာ  ဒေသကာကွယ်ရေးတပ်က ရန်ကြီးအောင်စစ် စခန်းသိမ်းပိုက်ပြီး နောက်  စစ်ကောင်စီတပ်သားတွေက ကမ်းပါးနီစခန်းကနေထွက်ပြေးသွားလို့ ဒေသကာကွယ် ရေးတပ်က ကမ်းပါနီစစ်စခန်းကိုယာယီထိန်းချုပ်နိုင်ခဲ့ပေမဲ့ ၂၀၂၄ ဖေဖော်ဝါရီလကုန်မှာ စစ်ကောင်စီလက်ထဲ ပြန်ပါသွားခဲ့ပြီး အခု ဒုတိယအကြိမ် ပြန်လည်ရရှိခဲ့တာပါ။

ကလေးမြို့နယ်တောင်ပိုင်းမှာ‌ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကစပြီး ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းနဲ့ နိုဝင်ဘာ ၄ ရက်က မြောက်စည်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013